မြန်မာနိုင်ငံအတွက် မျောက်ကျောက် Test Kit များ ရုရှား လှူဒါန်း

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးလပ်ဗရော့က မြန်မာနိုင်ငံအတွက် မျောက်ကျောက်ရောဂါစစ်ဆေးတဲ့ Test Kit တွေလှူဒါန်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မစ္စတာဆာဂေးလပ်ဗရော့ဟာ ဩဂုတ် ၃ ရက် မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိခဲ့ပြီး နစကဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံ ကာ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးရာမှာလည်း နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဖို့ ကိစ္စတွေ၊ နှစ်ဖက်အစိုးရအဖွဲ့အစည်းတွေ၊ တပ်မတော်တွေနဲ့ ပြည်သူတွေကြားဆက်ဆံ ရေးတိုးမြှင့်ဖို့ကိစ္စတွေ၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနဲ့ ဒေသတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေမှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲအပြီးမှာ မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ညှိနှိုင်း ဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄)ကို လက်မှတ်ရေးထိုးပြီး လဲလှယ်ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။