အိန္ဒိယက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာအစီအစဉ် စတင်မည်

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာပေးအပ်မှု အစီအစဉ် စတင်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။ ထို့အပြင်အကျဉ်းထောင်များတွင် ထိန်းသိမ်း ခံထားရသည့် မြန်မာနိုင်ငံ သား ၄၀ ဦးကို လွှတ်ပေးမည်ဟု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီက ဆက်လက်ပြော ကြားသည်။

စက်တင်ဘာ ၆ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး မီဒီယာရှင်းလင်းပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ထည့်သွင်းပြောကြား သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ဘက်စုံပါဝင်သည့် ဖွံ့ဖြိုးရေးမိတ် ဖက်ဆောင်ရွက်ချက်အရ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် သုတေသနနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နေ ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ဆို သည်။

ထို့အပြင် အိန္ဒိယနှင့် မြန်မာနိုင်ငံအနေဖြင့် ရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးရေး အပါအဝင်ကဏ္ဍ အချို့တွင် နားလည်မှု စာချွန်လွှာ  ၁၁ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ၎င်းကပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံအကြား ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စွမ်းရည်မြှင့် တင်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် အဓိကကျသော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်မှန်သမျှကို နိုင်ငံတကာသို့ အသိပေးနိုင်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ခဲ့သည်။

ထို့အပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် နယ်စပ်ရေးရာကိစ္စရပ်များ ပူး ပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများလည်း ဆွေးနွေးသည်။ အိန္ဒိယဝန်ကြီးချုပ်က ညနေတွင် ပုဂံမြို့ အာနန္ဒဘုရားသို့  သွားရောက် ခဲ့သေးသည်။ အာနန္ဒာဘုရား ပြုပြင် ထိန်းသိမ်းရေးကို နှစ်နိုင်ငံပညာရှင်များက ပူးပေါင်းဆောင်ရွက်နေပြီး သာသနာရေး ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနအဖွဲ့တို့ ဆောင်ရွက်သည့် အထိမ်းအမှတ် မော်ကွန်းကို ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့ သည်။