သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားအရေးယူရန် သမ္မတညွှန်ကြား

ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီ ဟန့်တား နိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယမန်နေ့က ညွှန် ကြားလိုက်သည်။ စက်တင်ဘာ ၆ ရက်တွင် သမ္မတအိမ်တော်၌ နှစ်နာရီကြာ ပြုလုပ်သော ရခိုင်ပြည်နယ်အရေး ကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရှင်းလင်းတင်ပြသည့် အခမ်းအနား၌ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှုဖြစ်ရန် ပြုလုပ်နိုင်သည့်အန္တရာယ် ရှိနေချိန်တွင် လုံခြုံရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီ ထိရောက်စွာ ဟန့်တားပေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။

အဆိုပါ ရခိုင်အရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတနှစ်ဦး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊  ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ သမ္မတရုံး ဒုဝန်ကြီးတို့ တက်ရောက်သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးသည် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု သတင်းနှင့် မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်စေရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို စက်တင်ဘာ ၅ ရက် စွဲဖြင့် ထုတ်ပြန်ခြင်းကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိရှိကာ မလိုလားအပ်သည်များ ဖြစ်လာမည်ကို ကာကွယ်နိုင်မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦး ထင်ကျော်က ပြောကြားသည်။

 ဆက်လက်၍ နိုင်ငံတော် သမ္မတက တစ်ဖက်တွင်လည်း  ပြည်သူများအကြား စိုးရိမ်ပူပန် မှုများ မဖြစ်စေရန် နိုင်ငံတော်ရှိ  ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်း ၀န်းညှိနှိုင်း ဆောင်ရွက်သည်များ ကို ပြည်သူများအား အသိပေးရန် လိုအပ်ကြောင်း ညွှန်ကြားသည်။

အဆိုပါ အခမ်းအနားတွင်  နယ်စပ်ခြံစည်းရိုး ပျက်စီးနေသည့် နေရာ၌ အမြန်ဆုံး ပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို  ချက်ချင်းဆောင်ရွက်ရန်နှင့် လိုအပ်သည့် ဘဏ္ဍာငွေကို အစိုးရက ချက်ချင်းပေးမည်ဖြစ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ဆွေးနွေးသည်။

ထို့အပြင် နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံလောက်စွာ တိုးမြှင့်ချထားရမည် ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု၌ ပါဝင်သူများကို ဥပဒေနှင့် အညီ ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးသည်။ ရခိုင်ပြည်နယ်အတွင်း ဘာသာ၊ လူမျိုးမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နေပြီး ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို  ၀ိုင်းဝန်းဆွေးနွေးခဲ့သည်။

ယခုပြုလုပ်သည့် ရခိုင်အရေးနှင့် တရားဥပဒေစိုးမိုးရေးအခမ်းအနားတွင် တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်မှအပ ကာလုံတွင်ပါဝင်သည့် ကျန်ပုဂ္ဂိုလ် များအားလုံး တက်ရောက်သည်ကိုတွေ့ရသည်။ ဒီချုပ်အစိုးရလက်ထက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (ကာလုံ)ကို တစ်ကြိမ်မျှ ခ်ါဆိုခြင်း မရှိသေးဘဲ ၂၀၁၆ အောက်တိုဘာ ၁၄ ရက်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအချိန်က ဒုသမ္မတနှစ်ဦးမှအပ ကာလုံတွင်ပါဝင်သော ကျန်ပုဂ္ဂိုလ် အားလုံးတက်ရောက်ခဲ့ကြသည်။ ထို့အပြင်နိုင်ငံတော်သမ္မတရုံးက ယမန် နေ့ညတွင် အချက်ငါးချက်ပါ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အထက်ပါ အခမ်းအနားတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြသည်။

 သတင်းထုတ်ပြန်ချက်၏ နောက်ဆုံးအချက်တွင် နိုင်ငံတော် တည်ငြိမ်းရေးအတွက် လုံခြုံရေး သတိရှိရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့သည် အဓိကအကျဆုံး လုပ်ငန်းများဖြစ်၍ ပြည်သူများအားလုံးက တရားဥပဒေနှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ခြင်းဖြင့် နိုင်ငံတော်အစိုးရအား ကူညီပံ့ပိုးပေးရန် အသိပေး တိုက်တွန်း ထားသည်။

အစိုးရက ယင်းကဲ့သို့ ထုတ် ပြန်သည့်နေ့တွင် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှ တစ်ဆင့် ‘ဂျီဟတ်ကို ရင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ထား လဲ’ ခေါင်းစဉ်ဖြင့် စာရှည်တစ်ဆောင်ကို ပြည်သူအချင်းချင်း ပြန်မျှဝေပေးရန်  ဖြန့်ချီသည့်စာများ  ပေါ်ထွက်ခဲ့သည်။  မည်သူ့ထံမှ စတင်ဖြန့်ချိခဲ့သည်ကို မသိရှိသော်လည်း နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင်ဘာသာဝင်များအကြား အဓိကရုဏ်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စက်တင် ဘာ ၆ ရက် ညနေတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားပြီး ပြည်သူများက နားမယောင်ဘဲ သတိပြုကြရန် ၎င်းတို့ကအကြံပြုသည်။