တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြုတွေ့ဆုံ

13305259_980739998713532_2163112648467207006_o

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ (၂၆) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်အစိုးရရုံးသို့ သွားရောက်ပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဆွေတော်အား ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်းကောင်း၊ ထိုင်းပြည်သူပြည်သားများအနေဖြင့်လည်းကောင်း၊ ထိုင်း တပ်မတော်သားဟောင်းများကိုယ်စားလည်းကောင်း လှိုက်လှဲစွာကြိုဆိုပါ ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရင်းနှီးပွင့်လင်းစွာဆွေးနွေးခြင်းသည် နှစ်နိုင်ငံချစ်ကြည်မှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပြောင်းလဲ မှုများတွင် ထိုင်းနိုင်ငံအနေဖြင့် ကူညီပေးခဲ့ကြောင်း၊ အစိုးရပြောင်းလဲသလို တပ်မတော်အနေဖြင့်လည်း လိုအပ်သည်များ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်မှုထမ်း ဟောင်းများကို နေရာချထားရန်အတွက် အစီအစဉ်များပါရှိကြောင်း၊ ထို့ကြောင့် ထိုင်းဘုရင့်တပ်မတော်မှ ဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာသွားရန်စီစဉ်ထားကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ထိုင်းနိုင်ငံ တွင် လာရောက်လုပ်ကိုင်သည့် တရားမ၀င်နှင့် တရားဝင်အလုပ်သမားများကို ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဥပဒေနှင့်အညီ စောင့်ရှောက်ပေးထားသည်ကို တွေ့ရှိရ၍ ကျေးဇူးတင်ရှိကြောင်း၊ ရှေ့ဆက်ပြီး ဆောင်ရွက် ပေးသွားမည် ဟုလည်း ယုံကြည် ပါကြောင်း ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်မှပြောကြားရာတွင် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ လူမှုရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သွားမည်မဟုတ်ကြောင်း၊ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားမ၀င်မှောင်ခိုလုပ်ငန်းများ၊ လက်နက် မှောင်ခို မှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းပြည်မှ သယံဇာတပစ္စည်းများ ခိုးထုတ်ရောင်းချခြင်းသည် မိမိတို့ နိုင်ငံကို အဓိကထိခိုက်စေသော်လည်း တရားမ၀င်မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းသည် ဒေသတွင်းနိုင်ငံများကိုပါ ထိခိုက်စေ သောကြောင့် ယင်းကို အမှီပြုဆောင်ရွက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများ ရပ်တည်နေနိုင်မှုမရှိရေးနှင့် လုံးဝ ပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီးထိုင်းနိုင်ငံဝန်ကြီးချုပ်မှ ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များတွင်လည်းကောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုလုပ်ငန်းများတွင်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံမှ အလုပ်သမားများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လိပ်ကျွန်းဖြစ်စဉ်တွင် ပါဝင်သော မြန်မာနိုင်ငံသား ၂ ဦးနှင့် စပ်လျဉ်း၍ တတိယနိုင်ငံပါဝင်နေသဖြင့် အခြေအနေမှန်အား လေ့လာသုံးသပ် ဆောင်ရွက်စေလျက်ရှိကြောင်း ပြောကြား သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


Leave a Reply