ဟာဗေးမုန်တိုင်းကြောင့် တက္ကဆက်တွင် သေဆုံးသူ ၃၃ ဦးအထိ ရှိနေ

ဟူစတန်၊ သြဂုတ် ၃၁

အမေရိကန်နိုင်ငံ တက္ကဆက်ကမ်းရိုးတန်းတွင် တိုက်ခိုက်သွားသည့် ဟာဗေးမုန်တိုင်းကြောင့် လေပြင်းများ တိုက်ကာ ရေကြီးမှုများဖြစ်နေရာတွင်   သေဆုံးသူ ဦးရေသည် ၃၃ ဦးအထိ ရှိပြီဟု ယူဆရကြောင်း အာဏာပိုင်များက သြဂုတ် ၃၀ ရက်တွင် ပြောသည်။

တောင်ပိုင်းတက္ကဆက်က စီရင်စုအချို့တွင် လူဆယ်ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး နောက်ထပ် ၂၃ ဦးသည် ဟာဗေးမုန်တိုင်းနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့်   သေဆုံးခြင်း   ဖြစ်နိုင်သည်ဟု Harris County Medical Examiner’s ရုံးမှ တာဝန်ရှိသူ ထရီစီယာက ပြောသည်။

ဟူစတန်မြို့နှင့် ပတ်ဝန်းကျင်စီရင်စုများတွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုမှာ ကျဆင်းစပြုလာပြီဖြစ်သော်လည်း သေဆုံးသူ ဦးရေ ထက်တိုးလာနိုင်ကြောင်း တာဝန်ရှိသူများက စိုးရိမ် နေသည်။ ပြင်းထန်သည့် မိုးရွာသွန်းမှုအတွင်း ဒေသတစ်ခု၌ မိုးရေချိန် လက်မ ၅၂ လက်မအထိ စံချိန်တင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။

“သေဆုံးသူတွေ ထပ်တွေ့လာမှာကို ကျွန်တော် စိုးရိမ်မိတယ်။”ဟု ဟာရစ်စီရင်စုရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရေကြီးမှုမှ ကားဖြင့် မောင်းပြေးသည့် ဗင်ကားတစ်စီးအတွင်း အသက် ၁၆ နှစ်အောက် ကလေး လေးဦးအပါအဝင် မိသားစုဝင် ခြောက်ဦး၏ အလောင်းများအား တွေ့ရှိပြီးနောက် ၄င်းတာဝန်ရှိသူက ယခုကဲ့သို့ စိုးရိမ်စကား ပြောကြားလာခြင်းဖြစ်သည်။

-Ref; AFP