မြောက်ကိုရီးယားအရေး ထရမ့်ပြောဆိုမှုအပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပယ်ချ

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အမေရိကန်ဘက်က သံတမန်နည်းလမ်းအရ အဖြေမရှိဘူးဆိုတာ မဟုတ်ဘူးလို့  အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ပြောလိုက်ပါတယ်။ စစ်ပွဲအတွက် ရည်ရွယ်ချက်ရှိနေတဲ့နိုင်ငံကို စကားပြောနေရတာက အဖြေမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ် ရေးသားပြီးနောက် ဂျိမ်းစ်မက်တစ်က အခုလို ပြောလိုက်တာပါ။

ရုရှားနိုင်ငံကလည်း အမေရိကန်ရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို သတိပေးလိုက်ပြီးမမျှော်လင့်တဲ့ အကျိုးဆက်တွေနဲ့ စိုးရိမ်စရာ တင်းမာမှုတွေ ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက သြဂုတ် ၂၉ ရက်နေ့မှာ ဂျပန်နိုင်ငံ ဟိုကိုင်ဒိုဒေသ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး ဒုံးကျည်တလုံး စမ်းသပ်ပစ်ခတ်ပြီး နောက်ပိုင်း စိုးရိမ်စရာ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ဂျပန်ဘက်က မကြုံစဘူး အလွန်ထူးခြားတဲ့ ခြိမ်းခြောက်မှုလို့ ပြောလိုက်ပြီး ဒုံးကျည်ဟာ ကမ်းရိုးတန်းရဲ့ ၁၁၈၀ ကီလို မီတာ (၇၃၀ မိုင်) အကွာ ပင်လယ်ထဲကို မကျခင် လူထုတွေကို အကာအကွယ်တွေအောက်မှာ ပုန်းအောင်း နေဖို့ သတိပေး နှိုးဆော်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုက ပစိဖိတ်သမုဒ္ဒရာအတွင်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မယ့် စစ်ရေးလုပ်ငန်းအတွက် ပထမခြေလှမ်းဖြစ်တယ်၊ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းကိုလည်း ပစ်ခတ်မှုတွေ ထပ်လုပ်သွားမယ်ဆိုပြီး နောက်ပိုင်းမှာ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်နိုင်ငံကို စပြီးလေးစားလာနေပြီလို့ သူယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြောခဲ့ပါသေးတယ်။

မနေ့နှောင်းပိုင်းမှာလည်း ထရမ့်က လူမှုကွန်ရက်စာမျက်နှာ တွစ်တာမှာ “အမေရိကန်နိုင်ငံက မြောက်ကိုရီးယား နဲ့ ဆွေးနွေးပြောဆိုခဲ့တယ်၊ သူတို့ငွေညှစ်တာကိုလည်း ၂၅ နှစ်လောက် ပေးခဲ့တယ်၊ ပြောဆိုဆွေးနွေးမှုက အဖြေမဟုတ်တော့ဘူး”လို့ ရေးသားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ အဲဒီပြောဆိုချက်အပေါ် သဘောမတူကြောင်း ကာကွယ်ရေးဝန်ကြီး မက်တစ်က ပြောလိုက်ပြီး “သံတမန်နည်းလမ်းအရ အဖြေမရှိဘူးဆိုတာ ဘယ်တုန်းကမှ မဟုတ်ဘူး” လို့ သတင်းထောက်ရဲ့ အမေးကို ပြန်ဖြေကြားခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောင်ရန်းမူနဲ့ ပင်တဂွန်မှာ တွေ့ဆုံခဲ့တယ်၊ ပူးပေါင်းလုပ်ဆောင်ဖို့ ဆက်လုပ်နေကြတယ်၊ နိုင်ငံနဲ့ လူထုတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တာဝန်တွေ ခွဲဝေဆောင်ရွက် နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

(DVB)