မောင်တောဒေသ အကြမ်းဖက်မှု လူမျိုးရေး၊ ဘာသာရေးပုံစံ မဖြစ်စေရန် ဆောင်ရွက်နေဟု ရဲမှူးချုပ် သူရ စန်းလွင်ပြောကြား

မောင်တောဒေသတွင်လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ကိုင်တွယ်ဖြေ ရှင်းရာ၌ လူမျိုးရေး၊ ဘာသာရေးအသွင် သဏ္ဌာန်မဖြစ်စေရန် ဆောင်ရွက်နေ ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်း ဖက်သမားများကိုသာ နှိမ်နင်းနိုင်ရေးဦးတည်ဆောင်ရွက်နေပြီး အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသူများကိုဦးတည်ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။ ‘‘လူမျိုးရေးကို ဦးတည်သွားမှာစိုးတယ်။ ဒီအချိန်မှာ ငါတို့က ပြတ်ပြတ်သားသားလုပ်နေတာ။ လူမျိုးရေးကို မကူးစက်စေ ချင်ဘူး။ ဘာသာရေးမကူးစက်စေ ချင်ဘူး’’ ဟု ရဲမှူးချုပ် သူရစန်းလွင် က ပြောသည်။

သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်တွင် မောင်တောဒေ သရှိ ရဲစခန်းနှင့် ရဲကင်းများအား ရာနှင့်ချီသည့် လူအုပ်စုများက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန် ထမ်းတစ်ဦးကျဆုံးခဲ့သည်။ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ်ရှင်းလင်းခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် ကလေးသူငယ်များကို ရှေ့ကထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုခြင်းများ၊ လူနည်းစုတိုင်းရင်းသား ကျေးရွာများကို လူအုပ်စုဖြင့် ဝင်ရောက်၍ မီးရှို့ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေပြီး ယင်းသို့ အကြမ်းဖက်မှုများတွင် ပါဝင်သော လူပုဂ္ဂိုလ်အားလုံးသည် အကြမ်းဖက်မှုမြောက်မည် အစိုးရက သတင်း ထုတ်ပြန်ထားသည်။

အစွန်းရောက်အကြမ်းဖက် သမားများနှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိသူ ဘင်္ဂါလီများအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြရန် လိုအပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်အရ ဆောင်ရွက်ရာတွင် တုတ်၊ ဓား၊ လက်နက်များကိုင် ဆောင်ခြင်း၊ ရန်လိုခြင်းနှင့် ရန်ပြုခြင်းများ မပြုလုပ်ဘဲ အသာတကြည် ပူးပေါင်းဆောင်ရွက်ရန် အစိုးရက အသိပေး တိုက်တွန်းထားသည်။ မောင်တောအကြမ်းဖက်မှုအား ဖြေရှင်းရာတွင် တစ်ဖက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်လည်း ဆက်ဆံဆက်သွယ်မှု တောက်လျှောက် ဆောင်ရွက်ထားပြီး လိုအပ်ပါက ပူးပေါင်းဆောင်ရွက် နေသည်ဟု ၎င်းကဆိုသည်။ ‘‘နှစ်နိုင်ငံ ဆက်သွယ်မှုကို တည်ဆောက်ထားတယ်’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။ ၂၀၁၂ ဇွန်လနှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းအကြား အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့၍ ရခိုင်နှင့် မွတ်စလင် စုစုပေါင်း အနည်းဆုံး ၁၉၂ ဦး သေဆုံးခဲ့ ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။