ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယအစိုးရဆုံးဖြတ်

အိန္ဒိယနိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်းမြန်မာနိုင်ငံထဲကနေ တရားမဝင် လာရောက်နေထိုင် နေကြတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နိုင်ဖို့အတွက် ဗဟိုအစိုးရက စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီး Rajiv Mehrishi ဦးဆောင်ပြီး တနင်္လာနေ့က လုပ်ခဲ့တဲ့ အစည်းအဝေးမှာ India မှာ ရှိနေနိုင်တဲ့ တရားမဝင်ရိုဟင်ဂျာတွေကို စာရင်းပြုစုပြီး သူတို့ကို ထိမ်းသိမ်းရေး၊ ဖမ်းဆီးရေးနဲ့ နေရပ်ပြန်ပို့ ရေးတို့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံထဲမှာ ခန့်မှန်းခြေ ရိုဟင်ဂျာ ၄ သောင်းလောက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အကြီးတန်း တာဝန်ရှိသူ တယောက်ရဲ့ အပြောကို အိန္ဒိယ ထုတ်သတင်းစာတွေထဲမှာ ဖော်ပြကြပါတယ်။ Jammu ဒေသတခုထဲမှာတင် ရိုဟင်ဂျာ ၅ ထောင်ကျော်လောက်ရှိပြီး အတိအကျ စာရင်းယူရင် ၁ သောင်း ကျော်အထိရှိနိုင်တယ်လို့ ပြည်ထဲရေးဌာနက ခန့်မှန်းထားပါတယ်။

ရိုဟင်ဂျာတွေဟာ အိန္ဒိယနိုင်ငံထဲကို ချင်းပြည်နယ်ဖက်ကနေ ရောက်လာကြသလို ရေလမ်းအပြင်၊ Bangladesh နယ်စပ်ကနေ ဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များ မဟာ မင်းကြီးရုံး UNHCR က အိန္ဒိယ နိုင်ငံထဲက ရိုဟင်ဂျာ ၁ သောင်း ၄ ထောင်လောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။ အိန္ဒိယအစိုးရက တော့ UNHCR ရဲ့အရေအတွက်ကို လက်မခံပါဘူး။

ဒီလူတွေဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာ သူတွေသာ ဖြစ်တယ်လို့လက်ခံထားပြီး သူတို့ကို ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အရေးယူတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီး နေရပ်ပြန်ပို့ဖို့ ဆောင်ရွက် နေတဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတာကို လက်မခံတဲ့အတွက် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ့်ကိစ္စဟာ ခက်ခဲလိမ်မယ်လို့ အိန္ဒိယ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)