သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ ဟော်ကီအသင်း

၂၉ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် မြက်ခင်းပြင် ဟောာ်ကီအသင်း အနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စင်ကာပူအသင်းနဲ့ ထိုင်းအသင်းတို့ ပွဲစဉ်မှာ စင်ကာပူအသင်းက ထိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ရမှတ်တူ ဖြစ်နေ ခဲ့သော်လည်း စင်ကာပူအသင်းက ပေးဂိုးများ ခဲ့တာကြောင့် မြန်မာအသင်း အနေနဲ့ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ယခုတစ်ကြိမ်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟော်ကီပြိုင်ပွဲကို အုပ်စု ပတ်လည် ၅ သင်းယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပြီး မလေးရှားအသင်းအပါအ၀င် မြန်မာ၊ထိုင်း၊အင်ဒိုနီးရှားနဲ့ စင်ကာပူ အသင်းတို့ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကြိုးစားမှုကြောင့် အခုလို ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။အားလုံးသော ကစားသမားတွေကို ကျေးဇူးတင် ပါတယ်။ဗိုလ်လုပွဲမှာ တွေ့မယ့် မလေးရှားအသင်းက ကမ္ဘာ့အဆင့် ၁၂ မှာ ရပ်တည်နေတဲ့ အသင်းပါ။ လက်ရှိမှာလည်း ကမ္ဘာ့ဖလား ကစားနေတဲ့အသင်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့ ဘယ်လောက် အတိုင်းအတာထိ လုပ်ဆောင်နိုင်မလဲဆိုတာ ပြသသွားမှာပါ။”လို့ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဌ ဦးစောလုလုထော်က ပြောခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ပွဲစဉ်တစ်လျှောက် ထိုင်းအသင်းကို ၄-၂ ဂိုး၊အင်ဒိုနီးရှားအသင်းကို ၂-၀ ဂိုးတွေ နဲ့ အနိုင်ရခဲ့ပြီး စင်ကာပူအသင်းနဲ့ သရေကစားကာ အိမ်ရှင်မလေးရှားအသင်းကို တော့ ၆-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ မလေးရှားနိုင်ငံ နေရှင်နယ် စတေဒီယံ ဘူကစ်ဂျာလီ အားကစားကွင်းမှာ ကျင်းပ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

  (Duwun)