အမေရိကန် ထောက်ပံ့ပေးထားသော အမျိုးသား ဒီမိုကရက်တစ် အဖွဲ့ နိုင်ငံအတွင်းမှ ထွက်ခွာရန် ကမ္ဘောဒီးယား အမိန့်ပေး

ဖနွမ်းပင် သြဂုတ် ၂၃

ကမ္ဘောဒီးယား အာဏာပိုင်များသည် သြဂုတ် ၂၃ ရက်တွင် နိုင်ငံအတွင်း၌ အမေရိကန်ထောက်ပံ့ပေးထားသော အမျိုးသားဒီမိုကရက်တစ်အဖွဲ့အစည်း (NDI) ၏ လုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပြီး ယင်းအဖွဲ့အစည်းအား ယခုရက်သတ္တပတ်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။

ကမ္ဘောဒီးယား အာဏာပိုင်များသည် နိုင်ငံ၏ဥပဒေကို တိတိကျကျလိုက်နာပြီး အထမြောက်အောင်မြင်စေရန် ရည်ရွယ်၍ နိုင်ငံအတွင်း၌ အမျိုးသားဒီမိုကရက်တစ်အဖွဲ့၏ ဆောင်ရွက်ချက် များကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံခြားဝန်ထမ်းများကို အကြောင်းကြားစာ ပေးပို့ပြီး ခုနစ်ရက်အတွင်း နိုင်ငံအတွင်းမှ နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

(NDI) သည် အစိုးရက ၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ချိုးဖောက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။ ထို့ပြင် NDI အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာနတို့တွင် မှတ်ပုံတင်ခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ခုနှစ် ဇွန် ၂၁ရက်တွင် မှတ်ပုံတင်ရန် တောင်းခံသည့်တိုင်အောင် မှတ်ပုံတင်ခြင်း မရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် ဥပဒေအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 (မြ၀တီ)