တောင်အာရှ ရေကြီးမှုတွင် ရေဘေးဒုက္ခသည် ၂၄ သန်းကျော် ရှိနေ

တောင်အာရှဒေသတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ရေကြီးရေလွှမ်းမှုများ ဖြစ်ပေါ်နေရာ ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့နေရသူ ၂၄ သန်းကျော်ထက်မနည်းရှိကြောင်း ကြက်ခြေနီအသင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှ အာဏာပိုင်များက မုတ်သုံရာသီ ဝင်ရောက်ချိန်မှစကာ ရေလွှမ်းမှုများ ဖြစ်ပွားသည့် သြဂုတ် ၁၀ ရက်က စပြီး သေဆုံးသူဦးရေ ၇၅၀ ကျော်သွားပြီဖြစ်ကြောင်း ပြောသည်။

“အခြေအနေက အဆိုးကနေ အဆိုးဆုံးဆီ ဖြစ်ပေါ်နေတယ်။”ဟု ကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူး ဂျာဂန်ချာပိန်းက ထုတ်ပြန်ပြီး သေဆုံးသူအရေအတွက်က ရေဘေးကြုံဒေသများမှ အာဏာပိုင်များ ပေးသည့် အရေအတွက်ဖြစ်သည်ဟု အတည်ပြုသည်။

“နီပေါမှာက နိုင်ငံရဲ့ သုံးပုံတစ်ပုံနီးပါး ရေကြီးရေလွှမ်းနေတာပါ။ ဘင်္ဂလားဒေ့ရှ်မှာလည်း အတူတူပါပဲ။ နိုင်ငံနယ်မြေတွေရဲ့ သုံးပုံတစ်ပုံ ရေကြီးမှု ကြုံနေတာပါ။”ဟု ၄င်းက သတင်းထောက်များအား ပြောသည်။

ရေဘေးကြုံရာ ယင်းသုံးနိုင်ငံတွင် ပြည်သူရာပေါင်းများစွာ သောင်တင်နေပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း ကြက်ခြေနီးအသင်းအရ သိရသည်။

ကျေးရွာအများစုမှာ လှေဖြင့်သာ သွားလာနိုင်တော့ပြီး သောက်ရေနှင့်အတူ အစားအစာ ပြတ်တောက်မှုများပါ ကြုံနေရပြီဖြစ်ကြောင်း ချာပိန်းက ပြောသည်။

မုတ်သုံရာသီနှင့် ဆိုးဝါးသော ရေကြီးမှု ကြုံရခြင်းဖြစ်သော်လည်း အဆိုပါ သုံးနိုင်ငံစလုံးက ရေဘေးကြိုတင် ပြင်ဆင်မှု အားနည်းခြင်းကြောင့် ပို၍ ဘေးဒုက္ခ ဆိုးဝါးဖြစ်ပေါ်သည်ဟု ၄င်းက ပြောသည်။

-Ref; AFP