ကျဆုံး အမေရိကန် စစ်သည် ရုပ်အလောင်းများ ယခုသီတင်းပတ်တွင် လွှဲပေးရန် မြောက်ကိုရီးယား စီစဉ်

စင်ကာပူ ဆွေးနွေးပွဲတွင် အတူတွေ့ရသည့် ဒေါ်နယ်လ်ထရမ့်နှင့် ကင်မ်ဂျုံအန်း။

 

ရှုပ်ထွေးလှသည့် ညှိနှိုင်းမှုများ အပြီးတွင် မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား စစ်ပွဲကာလအတွင်း ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို ယခုသီတင်းပတ်တွင် ပြန်လွှဲပေးတော့မည်ဟု သိရသည်။
တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ် သတင်းအေဂျင်စီက အမေရိကန် စစ်သည် ၁၀၀ ဝန်းကျင်၏ ရုပ်အလောင်းများ ထည့်ထားသည့် ခေါင်းတလားများကို ဇူလိုင် ၂၇ ရက်တွင် မြောက်ကိုရီးယား အာဏာပိုင်များက လွှဲအပ်ပေးရန် အသင့်ရှိနေပြီဟု ဖော်ပြခဲ့သည်။

၁၉၅၀မှ ၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကိုရီးယား ကျွန်းဆွယ် စစ်ပွဲတွင် ကျဆုံးခဲ့သော အမေရိကန် စစ်သည် ရုပ်အလောင်းများ ပြန်လည် လွှဲအပ်ပေးရေး ကိစ္စအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ စင်ကာပူတွင် တွေ့ဆုံစဉ်က ကနဦးအဆင့် သဘောတူညီမှု ရယူထားပြီး ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရများကြား ဆက်ဆံရေး အထစ်အငေါ့အချို့ ပြန်ရှိလာခဲ့သည့်နောက် ရုပ်အလောင်းများ လွှဲအပ်ရေးကိစ္စကို သီးခြား တိုင်ပင် နှီးနှောမှုများ ပြုလုပ်ခဲ့ရသည်။

ယွန်ဟပ်က ယခုအခါ မြောက်ကိုရီးယားသည် ထရပ်ကားနှစ်စီးပေါ်သို့ ခေါင်းတလားများကို တင်ဆောင်ကာ အမေရိကန် စစ်အရာရှိများထံ လွှဲအပ်ပေးရန် စီစဉ်နေပြီဟု ဖော်ပြခဲ့သည်။ ယင်းသည် ၁၉၅၃ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး စာချုပ်တစ်ရပ်ဖြင့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အဆုံးသတ်ခဲ့သည့် နှစ်ပတ်လည် ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

အမေရိကန်၏ သယ်ယူပို့ဆောင်ရေး စစ်လေယာဉ် တစ်စီးသည် မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းရှိ ဝမ်ဆန် လေဆိပ်သို့ ဆိုက်ရောက်လာကာ ရုပ်အလောင်းများကို လက်ခံယူမည်ဖြစ်ကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ရုပ်အလောင်းများကို တောင်ကိုရီးယားရှိ အိုဆန် လေတပ်စခန်းတွင် ကနဦးအဆင့် DNA စစ်ဆေးစေပြီးနောက် ဟာဝိုင်ယီသို့ ခရီးဆက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Ref: Yonhap / 7Days