တရုတ် ငလျင်ကြောင့် သေဆုံးသူ ၁၉ ဦး ရှိလာပြီး လူခြောက်သေင်းမျှကို အရေးပေါ် ရွှေ့ပြောင်းပေးထားရ

တရုတ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁၉ ဦးထိ မြင့်တက်လာသလို လူပေါင်း ခြောက်သောင်း နီးပါးကိုလည်း အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ဩဂုတ် ၈ ရက် ညပိုင်းက ဆီချွမ်တွင် လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၆.၅ အဆင့်ရှိ (တရုတ် ငလျင်တိုင်းတာရေး အေဂျင်စီက ရစ်ခ်ျတာစကေး ၇.၀ ဟု ဖော်ပြခဲ့သည့်) ငလျင်ကြောင့် အဆောက်အအုံ အများအပြားလည်း ထိခိုက် ပျက်စီးခဲ့သည်။ ဆီချွမ်သည် ၂၀၀၈ ခုနှစ်ကလည်း ဆိုးရွားသည့် ငလျင်ကပ်ဘေးတစ်ခု ကြုံခဲ့သော ဒေသဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက် ရှိနေသလို အန္တရာယ် ရှိနိုင်လောက်သည့် အဆောက်အအုံများနှင့် တောင်စောင်းဒေသများတွင် နေထိုင်သူများကို အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း အာဏာပိုင်များက ဆိုသည်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်သည် မြေတိမ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခြင်းကြောင့် ထိခိုက်သက်ရောက်မှု ပိုမို ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ငလျင်လှုပ်ခတ်ရာ ဆီချွမ်မြောက်ပိုင်းသည် လူနေကြဲပါးပြီး ပထဝီဝင်အနေအထားအရလည်း ခက်ခဲကြမ်းတမ်း မှုများ ရှိနေသဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် အဟန့်အတား ပြဿနာများ ကြုံနေကြောင်းလည်း သိရသည်။ ငလျင်ကြောင့် သေဆုံးသူ ၁၉ ဦးထိ အတည်ပြုထားပြီး ၂၆၃ ဦးထက်မနည်း ဒဏ်ရာရရှိကာ ၁၀ ဦးမှာ အခြေအနေ ဆိုးရွားကြောင်း ဒေသခံ ကျန်းမာရေး ဌာနက ထုတ်ပြန်ခ့သည်။

တရုတ်အစိုးရက ငလျင်ဘေးသင့် ပြည်သူများကို ကူညီရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများကို ဖိအားပေး တိုက်တွန်းထားသည်။ တရုတ်သမ္မတ စီကျင်းပင်က ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ကဏ္ဍအတွက် အစွမ်းရှိသမျှ ပံ့ပိုးသွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။ လတ်တလောတွင် ဆီချွမ်ရှိ ယူဇိုင်ဂူ ဧရိယာတွင် ကယ်ဆယ်ရေး လုပ်ငန်း၌ ပါဝင်ဆောင်ရွက်မည့် စစ်သည် ရာဂဏန်းမျှ စုရုံးနေပြီး ငလျင်ဒဏ်ခံ ဒေသများတွင် အပျက်အစီးများကို ဖယ်ရှားခြင်း၊ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ငလျင်ကြောင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သလို  အဝေးပြေး လမ်းများတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  တရုတ် ကြက်ခြေနီ အဖွဲ့က ယခုအခါ ၎င်းတို့၏ ကျွမ်းကျင်သူများ၊ စေတနာ့ဝန်ထမ်းများကို ငလျင်ဘေးသင့် ဒေသများသို့ စေလွှတ်ထားပြီဟု ထုတ်ပြန်ခဲ့သလို Save the Children အဖွဲ့ကလည်း အရေးပေါ် ကွင်းဆင်း ယူနစ်များကို ပို့ဆောင်ပေး သွားမည်ဟု ကြေညာထားသည်။

Ref: CAN