ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း၏ ဖောင်ဒေးရှင်း ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးဟုဆို

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ (သိန်းပေါင်း ငါးသောင်းကျော်) ကို ယင်းဖောင်ဒေးရှင်း ကိုပင် အမည်ပြောင်း ဖွဲ့စည်းခဲ့သော ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေး ခဲ့ကြောင်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ယခင်တိုင်းအစိုးရအဖွဲ့ဟောင်း နယ်စပ်ရေးရာဝန်ကြီးဖြစ်ခဲ့သူ ဦးမောင်မောင်ဝင်းက ပြောကြားသည်။ 

မေလ ၁၀ ရက် နံနက်ပိုင်းက ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် အဆင့်မြင့်ကုန်စည်ဒိုင်ဝန်းရှိ ဧရာဝတီ ပညာကျန်းမာ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

အစိုးရအဖွဲ့တစ်ရပ်အနေဖြင့် သီးခြားရန်ပုံငွေ တည်ထောင်ခွင့်မရှိကြောင်း၊ အလှူရှင်များ၊ လုပ်ငန်းရှင်များ၊ စိတ်ဝင် စားသည့်သူများ၏ ထည့်ဝင်ငွေများဖြင့် ဧရာဝတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်းကို ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းဖောင်ဒေးရှင်းကို ဧရာဝတီ ပညာကျန်းမာ ဖောင်ဒေးရှင်းဟု အမည်ပြောင်းလဲကာ ဆက်ခံခဲ့ကြောင်း၊ မိမိတို့ လွှဲပြောင်းယူထားသည့် ငွေကြေးများနှင့် ဖောင်ဒေးရှင်းမှာ အစိုးရအဖွဲ့နှင့် မသက်ဆိုင်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်မှာ ယခင်ဖောင်ဒေးရှင်းဟောင်းတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုဧရာဝတီပညာကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းရာတွင်လည်း နာယကအဖြစ် ပါဝင်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဖောင်ဒေးရှင်း ရန်ပုံငွေ ၅ ဒသမ၂ ဘီလီယံမှ လက်ငင်း ငွေသား ၃ဒသမ၄၉ ဘီလီယံကို AYA, AGD, UAB, A Bank တို့တွင် အပ်နှံထားပြီး ၁ ဒသမ ၂၇ ဘီလီယံကို လုပ်ငန်းရှင် ၈ ဦးအား အကျိုးတူ စီးပွားရေးလုပ်ဆောင်ရန် ရင်းနှီး မြှုပ်နှံထားကြောင်း၊ ပညာရေးအတွက် ကျပ်သိန်း ၅၀ဝ ကျော်၊ ရေဘေး၊ လေဘေးတို့တွင် ကျပ် သိန်း ၅၀ဝ ကျော်နှင့် ကျန်းမာရေးတို့အတွက် လှူဒါန်းမှုများ ပြုလုပ်ထားကြောင်း၊ စုငွေမှရရှိသည့် ဘဏ်တိုးနှင့် အကျိုးတူ လုပ်ငန်းများမှ တစ်နှစ်လျှင် ကျပ်သိန်း ၄၀ဝ မှ ၅၀ဝ ခန့် ရရှိကြောင်း ယင်းဖောင်ဒေးရှင်း၏ ရှင်းလင်းချက်တွင် ဖော်ပြပါရှိသည်။

လတ်တလောတွင် ထွက်ပေါ်နေသော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းမှ အစိုးရသစ်ထံသို့ ပေးသွင်းရန် ကျန်ရှိနေသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းနှင့် ပတ်သက် ၍ ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် သက်ဆိုင်ပတ်သက်မှုမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်းက ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းအနေနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ၊ သဘာဝဘေးဒဏ် ကာကွယ်ရေး ရန်ပုံငွေများ၊ လေလံတင်ဒါများမှ ရရှိသည့် စိတ်ဝင်စားကြေး ထည့်ဝင်ရန်ပုံငွေများ၊ လိုင်စင်မဲ့ ဆိုင်ကယ်များ လိုင်စင် ပြုလုပ်ရာတွင် ရန်ပုံငွေအကြောင်းပြ နည်းအမျိုးမျိုးဖြင့် ရရှိထားမှုအပေါ် ဖြေရှင်းရန် လိုအပ်ပြီး ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို တိုင်းဒေသကြီး အစိုးရသစ်က မည်သို့မျှ စွပ်စွဲ ပြောဆိုထားခြင်း မရှိသေး ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ယခင် ဖောင်ဒေး ရှင်းဟောင်း ဧရာဝတီ ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းကို စာရင်းဇယား၊ မှတ်တမ်းများကို ယူဆောင်လာပြီး လာရောက် စစ်ဆေးခံပါရန်  စက်တင်ဘာလက စာဖြင့်လည်းကောင်း၊ လူ ကိုယ်တိုင်သော်လည်းကောင်း အကြောင်းကြားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်ထံမှ သိရှိရသည်။  # The Voice