တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ နိုင်ငံရေးစိတ်ဓာတ် သည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းနှင့် များစွာ ကွဲလွဲနေ၍ ခက်ခဲစွာ ညှိနှိုင်းရမည့်အခြေအနေရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ နိုင်ငံရေးအခြေခံစိတ်ဓာတ်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းနှင့် များစွာကွဲလွဲနေ၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် ခက်ခဲစွာညှိနှိုင်းရမည့် အခြေအနေရှိသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗြိတိန်နိုင်ငံ Inter Medi -ate အဖွဲ့မှ Mr.Jonathan Powell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့မေလ ၁၁ ရက်က နေပြည်တော်၌တွေ့ဆုံ၍ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအပေါ် ဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့သည်။

‘NCA တွင် လက်မှတ်ရေးထိုးထားပြီး NCA လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် အဖွဲ့များအနေဖြင့် တစ်ဖွဲ့ ချင်း၏ သဘောသဘာဝ ကွဲပြားခြားနားမှုများ၊ ယင်းသဘော သဘာဝများအပေါ် မူတည်၍ ငြိမ်းချမ်းရေး ဆောင်ရွက်ရသည့် အခြေအနေများ၊ အချို့အဖွဲ့၏ နိုင်ငံရေးအခြေခံစိတ်ဓာတ်များသည် မိမိတို့လက်ရှိ လျှောက် လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းနှင့် များစွာကွဲလွဲနေ၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် ခက်ခဲစွာ ညှိနှိုင်းရမည့် အခြေအနေများ’ စသည်တို့ကို  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။

ထို့အပြင် ရခိုင်အရေးနှင့် ပတ်သက်၌ ဆွေးနွေးရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး ရှေးနှစ်ပေါင်းများစွာကတည်းကပင် အစ္စလာမ်ဘာသာ ကိုလည်း အသိအမှတ်ပြုခဲ့ကြောင်း၊ သို့သော် ရိုဟင်ဂျာလူမျိုးကို အသိအမှတ်မပြုဘဲ ဘင်္ဂလားဒေသမှလာ သဖြင့် ဘင်္ဂါလီဟုသာ အသိအမှတ်ပြုကြောင်း၊ မိမိနိုင်ငံတွင် ဘင်္ဂါလီများအပါအဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သူအများအပြား ရှိကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်မှုကို ဥပဒေအရလည်း အသိအမှတ်ပြုထား ကြောင်း၊ ဘင်္ဂါလီများက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု သတ်မှတ်၍ အခြေအနေဖန်တီးခွင့် ကြိုးစားလာမှုကို ဒေသခံတိုင်းရင်းသားများက လက်မခံသကဲ့သို့ မြန်မာပြည်သူ များကလည်း လက်မခံကြောင်း ပြောသည်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက်များ ချမှတ်နိုင်ရေး၂၁ ရာစုပင်လုံညီလာခံကို လာမည့် မေလ ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ယင်းညီလာခံတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာ ညီလာခံကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

# 7 Day