ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေ ၄ ရက်မှ စတင်ကာ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်ပတ်လည် အစည်းအဝေးတွင် နောင်လာမည့် CSSU ၏ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဆွေးနွေး ခြင်း၊ လွန်ခဲ့သည့် လေးနှစ်တာကာလက လုပ်ဆောင် ပြီးစီးခဲ့သော လုပ်ငန်းများကို ပြန်လည် သုံးသပ်ခြင်း၊ CSSU ၏ လုပ်ငန်းဆောင်တာများကို ဆန်းစစ်ပြီး လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ခြင်း၊ ဘဏ္ဍာရေး ကဏ္ဍများ၊ လက်ရှိနိုင်ငံတော်၏ နိုင်ငံရေးအခြေအနေနှင့် ရှမ်းပြည်နယ် နိုင်ငံရေးအခြေအနေများ၊ ၂၁ ရာစု ပင်လုံညီလာခံအကြောင်းကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ် CSSU ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရန်နှင့် ဥက္ကဋ္ဌတာဝန် လွှဲအပ်ခြင်းကိစ္စရပ်များ ဆွေးနွေးမည် ဖြစ်ကြောင်း CSSU အဖွဲ့ဝင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ သတင်းစာမျက်နှာဖြစ်သော Tai Freedom တွင် ဖော်ပြထားချက်အရ သိရသည်။

လက်ရှိတွင် CSSU အလှည့်ကျဥက္ကဋ္ဌမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်ပြီး အဆိုပါဥက္ကဋ္ဌနေရာအား ပြန်လည်ရွေးချယ်ရန် ဖြစ်သည်။

ယင်းအစည်းအဝေးသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ဒုတိယဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး စိုင်းယီ ဦးဆောင်သော RCSS အဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) အဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ဦးဆောင်သော SNDP အဖွဲ့ဝင်များ၊ စိုင်းဆမ်တစ်ဆေ ဦးဆောင်သော ရှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) အဖွဲ့ဝင်များ၊ ရှမ်း လူငယ်အဖွဲ့အစည်း (TYO) မှ ကိုယ်စားလှယ်များ၊ ရှမ်းလူငယ်ကွန်ရက် (TYN) မှ ကိုယ်စားလှယ်များ၊ ထိုင်း နိုင်ငံ သျှမ်းလူမှုအဖွဲ့အစည်း (Shan-CBO(Thai)) နှင့် ရှမ်းလူငယ်မျိုးဆက်သစ်များ (The New Generation Shan State (NGSS)) အစရှိသည့် အဖွဲအစည်းများမှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်ခန့် တက်ရောက် ကြောင်း သိရသည်။

အစည်းအဝေးအဖွင့်တွင် CSSU ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းဆုံးဖြတ်ရမည့် အကြောင်းအရာ များနှင့် ပတ်သက်၍ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပရန်လိုအပ်ပြီး အဆိုပါပွဲ ကျင်းပခွင့်ကို အစိုးရဘက်မှ ခွင့်ပြုထားသော်လည်း ခွင့်ပြုသည့်နေရာမှာ သွားလာရေး အခက်အခဲဖြစ်သဖြင့် တောင်ကြီးမြို့ (သို့မဟုတ်) ပင်လုံမြို့တွင် နေရာပြောင်း၍ ကျင်းပခွင့်ပေးရန် RCSS/SSA က UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာဖြင့် တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ခွင့်ပြုချက် မရသေးပေ။

# Eleven