UPDJC အစည်းအဝေးကျင်းပ၍ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကိစ္စရပ်များ ဆုံးဖြတ်မည်

လာမည့် မေလ ၁၂ ရက်နေ့တွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆုံးဖြတ်ချက်များ ချမှတ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အစည်းအဝေး ကျင်းပရေးအတွက် မေလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လုပ်ငန်းကော်မတီများ၏ အစည်းအဝေးများ ပြုလုပ်သွားရန်ရှိနေပြီး၊ ၈ ရက်နေ့မှ ၁၁ ရက်နေ့ထိ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးသုဝေက The Voice သို့ ပြောကြားသည်။

ထို့ပြင် UPDJC ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ယင်းအစည်း အဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ UPDJC အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံညီလာခံသို့ လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များ တက်ရောက်မည့် အခြေအနေများကိုလည်း ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဒုတိယအကြိမ် ပြန်လည် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားကိုယ်စားလှယ်အချို့ မသေချာဖြစ်နေပြီး NCA လမ်းကြောင်းကို ဆန့်ကျင်သည့် မြောက်ပိုင်း အဖွဲ့များလည်း ထွက်ပေါ်ထားသည်။

ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် မေလ ၂၄ရက် တွင် ကျင်းပပြုလုပ်ရန် UPDJC က ဆုံးဖြတ်ထားခြင်းကြောင့် ယခုကျင်းပမည့် UPDJC အစည်းအဝေးတွင် လက်နက်ကိုင်အဖွဲ့များ စုံစုံလင်လင် တက်ရောက်နိုင်ရေးကို ဆွေးနွေး ဆုံးဖြတ်သွားဖွယ် ရှိနေသည်။

အပစ်ရပ် လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များက ၎င်းအဖွဲ့များကို ၂၁ ရာစုပင်လုံသို့ လေ့လာသူအဖြစ်သာ ဖိတ်ကြားပါက တက်ရောက်ခြင်းမပြုဟု ထုတ်ဖော် ပြောကြားထားသည်။

# The Voice