ဒေသန္တရအဆင့် စောင့်ကြည့်လေ့လာရေး ကော်မတီများ ကရင်၊ ရှမ်းနှင့် ပဲခူးတို့တွင် ဇွန်လမကုန်မီ ဖွဲ့စည်းရန် JMC-U ဆွေးနွေး

ဒေသန္တရအဆင့် စောင့်ကြည့်လေ့လာရေးကော်မတီများ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဇွန်လမကုန်ခင် ဖွဲ့စည်းရန် မေ ၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

JMC-U ၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ မေ ၃ ရက်မှ စတင်ပြုလုပ်နေခြင်း ဖြစ်ပြီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ထိုသို့ ဆွေးနွေးခဲ့မှုများ ရှိကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

“ကျွန်တော်တို့ JMC-L ဖွဲ့စည်းဖို့ကို ဆွေးနွေးကြပါတယ်။ အဲဒီမှာလည်း ဇွန်လ မကုန်ခင်ပေါ့။ အဲဒါကတော့ ရှမ်းပြည်နယ်မှာ တစ်ခု၊ ကရင်ပြည်နယ်မှာ တစ်ခု၊ ပဲခူး JMC-S အောက်မှာ တစ်ခု ကျွန်တော်တို့ ဖွဲ့စည်းဖို့ပေါ့။ ဒါပေမဲ့ ဒီ JMC-L ဖွဲ့စည်းတဲ့ဟာက JMC-S ကနေ ဆုံးဖြတ်ရမှာ ဖြစ်တာပေါ့။ ဆိုတော့ ကျွန်တော်တို့ကတော့ ဒီသဘောထားပဲ ပေးလိုက်တာပေါ့။ ဥပမာ ဒီရှမ်းပြည်နယ်မှာ ဆိုလို့ရှိရင် လင်းခေးက ကောင်းမလားပေါ့။ ကရင်ပြည်နယ်ဆိုလို့ရှိရင် ဖာပွန်က ကောင်းမလားပေါ့” ဟု ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

မိမိတို့အနေဖြင့် နယ်မြေအခြေအနေများအရ JMC-L များ ကနဦး ဖွဲ့စည်းသင့်သည့် ဒေသများကို သဘောထား ပေးခြင်းသာဖြစ်ပြီး ဆက်လက်၍ တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) များ က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“နောက်ဆုံး ဘယ်နေရာမှာ လုပ်မလဲ ဆိုတဲ့ဟာကတော့ သူတို့ သက်ဆိုင်ရာ JMC-S တွေကနေ သူတို့လုပ်ရမှာြ့ဖစ်ပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

မေ ၅ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါအစည်းအဝေးတွင် JMC Local ဖွဲ့စည်းရေးအပြင် ရပ်ကွက် ကျေးရွာများအလိုက် စောင့်ကြည့်သည့် လုပ်ငန်းဆောင်ရွက်မည့် နှစ်ဖက်လက်ခံသည့် လုပ်ငန်းလမ်းညွှန်များ၊ JMC ရုံးအဆောက်အအုံနှင့် ၀န်ထမ်းများ၏ လူမှုရေးဆိုင်ရာ လမ်းညွှန်များ စသည်တို့ကို အတည်ပြုရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

# Eleven