NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားရေး လာမည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားရေးကိစ္စကို မေလ ၁၂ ရက် တွင် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံကို မေလ ၂၄ ရက်ကစ၍ ငါးရက်ကြာကျင်းပရန် သတ်မှတ် ထားရာလာမည့် UPDJC အစည်းအဝေးတွင် ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ညီလာခံ၌ အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးရလဒ်များ ချမှတ်နိုင်ရေး ဆွေးနွေးမည်ဖြစ်သည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့်စုဖွဲ့ထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ တာဝန်ရှိသူများက လာမည့်ညီလာခံတွင် ၎င်းတို့ကို လေ့လာသူအဖြစ်သာဖိတ်ကြားပါက တက်ရောက်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားထားသည်။ အစိုးရနှင့် UNFC တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေရာ တိုးတက်မှုရရှိနေပြီး မေလ တတိယပတ်တွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်။

အစိုးရသစ်လက်ထက် ပထမဆုံးအဖြစ် ၂၀၁၆ ဩဂုတ်လကုန်က ကျင်းပသည့် ၂၁ ရာစုပင်လုံ ညီလာခံသို့ NCA မထိုးရေးရသေးသည့် တိုင်းရင်းသားအဖွဲ့များ တက်ရောက်ခဲ့ပြီး ၎င်းတို့အဖွဲ့အစည်းများ၏ သဘောထား အမြင်များကို ညီလာခံသို့ တင်ပြခဲ့သည်။ ယင်းညီလာခံ၌ ဆုံးဖြတ်ချက်ချ မှတ်ခြင်းမရှိခဲ့ပေ။ သို့ရာတွင် လာမည့် ညီလာခံတွင် အားလုံးလက်ခံနိုင်သည့် နိုင်ငံရေးဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကြိုးစားနေသည်။

UPDJC အဖွဲ့ဝင် ဦးစော ကျော်ညွန့်ကလည်း ‘‘၁၂ ရက်နေ့ မှာနေပြည်တော်မှာ UPDJC စုံညီ အစည်းအဝေး ရှိပါတယ်။ အဲဒီက နေပင်လုံညီလာခံအတွက်ရော တင်သွင်းမယ့် စာတမ်းအတွက်ရော၊ ၁၂ ရက် စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတစ်ခုချ သွားမှာပေါ့။ အဓိကကတော့ ၂၄ ရက်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကို ကျွန်တော်တို့ ဘယ်လိုအခင်းအ ကျင်းနဲ့ ကျင်းပမလဲပေါ့’’ ဟု ပြောသည်။

UPDJC ကို NCA အရဖွဲ့စည်းထားပြီး ဥက္ကဋ္ဌသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ UPDJC ကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးနှင့် နိုင်ငံရေးပါတီကိုယ်စား လှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

လာမည့် ၂၁ ရာစုပင်လုံသို့ တက်ရောက်မည့် ညီလာခံကိုယ်စားလှယ်ကို ယခင်အတိုင်း ၇၀၀ သတ်မှတ် ထားကြောင်း၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ တာဝန်ရှိသူများ ညီလာခံဖွင့်ပွဲသို့ တက်ရောက်နိုင်ရေး ဖိတ်ကြား မည်ဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။

# 7 Day