ဒီချုပ်အစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် တိုးတက်မှုမရှိကြောင်း Pen Myanmar နှင့် အဖွဲ့အစည်း ၁၃ ခု က အစီရင်ခံစာ ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းတစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရေးသားထုတ် ဖော်ပြောဆိုခွင့် အခြေအနေ တိုးတက်မှုမရှိသေးကြောင်း Pen Myanmar နှင့်  မိတ်ဖက် အဖွဲ့အစည်း ၁၃ ခုက အစီရင်ခံစာထုတ်ပြန်သည်။

PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်း ၁၃ ခုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ဆိုင်ရာ ညွှန်းကိန်းခြောက်ခုဖြင့်တိုင်းတာရာ ဒီချုပ်အစိုးရသည် အမှတ် ၆၀ တွင်  ရှစ်မှတ်သာ ရရှိသည်ဟု ၎င်းတို့၏ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေအကဲဖြတ်ခြင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဒီချုပ်အစိုးရကို ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များ၊ သတင်းမီဒီယာ အမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ လွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆ ခွင့်၊ သတင်း အချက်အလက် ရယူပိုင်ခွင့်၊ လုံခြုံရေးနှင့် အကာအကွယ်ရှိခြင်း စသည့် ညွှန်းကိန်းခြောက်ခုဖြင့် တိုင်းတာ ခဲ့ကြောင်း Pen Myanmar ဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းက ပြောသည်။

လွှတ်တော်က အရေးပေါ်စီမံချက်အက်ဥပဒေကို ဖျက်သိမ်းထားသော်လည်း လွတ်လပ်စွာ ရေးသားထုတ် ဖော်ပြောဆိုခွင့်နှင့် ပတ်သက်သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း များမှာ ထူးခြား ပြောင်းလဲမှု အ နည်းငယ်သာရှိသည်ဟု ထောက်ပြသည်။

အစိုးရထံမှ သတင်းအချက်အလက်ရယူရာတွင် မသိကျိုးကျွန်ပြုလုပ်နေသူများ၊ လူပုဂ္ဂိုလ် အဆင့်ဆင့် လွှဲချ မှုများရှိနေဆဲဖြစ် သည်ဟု သုံးသပ်သည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း တရားစွဲဆိုခံရမှုကို ဥပမာပေး၍ သတင်းထောက်များကို အကာအကွယ်ပေးနိုင်သည့် အစီအစဉ်များ ချမှတ်ကျင့်သုံး အကောင်အထည်ဖော်နိုင်စွမ်း မရှိသေးကြောင်း အစီရင်ခံစာ ၌ ဖော်ပြသည်။

ယင်းညွှန်းကိန်းတစ်ခုစီတွင် အမှတ် ၁၀ မှတ်သတ်မှတ်ထားရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့် ညွှန်ကြား ချက်များနှင့် လွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်တို့သည် နှစ်မှတ်စီ ရရှိပြီး ကျန်လေးခုတွင် တစ်မှတ်စီသာရရှိခဲ့သည်။ အကဲဖြတ်အဖွဲ့အစည်းများက တစ်မှတ်ကို ပြောင်းလဲမှုမရှိ၊ နှစ်မှတ်ကို မဆို စလောက် ကောင်းမွန်လာသည်ဟု သတ်မှတ်သည်။

PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ဒီချုပ်အစိုးရသစ်လက်ထက် ပထမခြောက်လအတွင်း လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အခြေအနေများကို အကဲဖြတ်သုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန် ခဲ့သည်။ ယင်းအချိန်က အစိုးရသစ်ရရှိသော အမှတ်နှင့် တစ်နှစ်တာရရှိသော အမှတ်သည် တူညီနေကြောင်း အစီရင်ခံစာက ဆိုသည်။

သို့ရာတွင် ပြီးခဲ့သည့် ခြောက်လ ရှေ့ပြေးအစီရင်ခံစာတွင် PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်း ခြောက်ခု ပါဝင်ခဲ့သည်။ ယခုအစီရင်ခံစာတွင် PEN Myanmar၊ Article 19၊ နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ ကူညီပေးရေးအဖွဲ့အစည်း (AAPP)၊ တိုင်းရင်းသားသတင်းမီဒီယာကွန်ရက် (BNI)၊ လူ့အခွင့်အရေး ကာကွယ် သူများဖိုရမ် (HRDF)၊ မြန်မာအိုင်စီတီ ဖွံ့ဖြိုးရေးအဖွဲ့ (MIDO)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၊ မြန်မာသတင်းစာနယ်ဇင်းကွန်ရက် (MJN)၊ မြန်မာသတင်းစာဆရာသမဂ္ဂ (MJU)၊ မြန်မာသတင်း မီဒီယာ ရှေ့နေကွန်ရက် (MMLA)၊ ပြည်ကြီးခင်နှင့် ညီမျှခြင်းမြန်မာတို့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ပြီးခဲ့သည့်နှစ်ကထက် ၁၂ ဆင့် တိုးတက်လာသော်လည်း အခက် အခဲများရှိနေသေးသော အနီရောင်နိုင်ငံအဆင့်၌ ဆက်လက်ရပ်တည်နေဆဲဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဧပြီ ၂၆ ရက်က ထုတ်ပြန်ထားသည်။

ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့်ပတ်သက်၍ ဒီချုပ်အစိုးရအနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်မညီသော တည်ဆဲဥပဒေများ (ရာဇသတ်ကြီးပုဒ်မတွင်ပါသော လွတ်လပ် စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို အတားအဆီးပြုနေသည့် ပုဒ်မများ၊ ဆက်သွယ်ရေးဥပဒေ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး လုပ်ငန်းဥပဒေ၊ သတင်းနှင့်မီဒီ ယာဥပဒေ) ကို ပြန်လည်သုံးသပ်ရန် အကြံပြုထားသည်။ ဒစ်ဂျစ်တယ် လွတ်လပ်မှုနှင့်ပတ်သက်၍လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ရန် တောင်းဆိုသည်။

ထို့အပြင် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သက်ဆိုင်သော ဥပဒေများကို ဦးစားပေးဆွေးနွေးမှုမရှိသေးသည်ကိုတွေ့ရကြောင်း အထက်ပါ အဖွဲ့အစည်းများက ဆိုသည်။

# 7 Day