ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် လျှောက်လွှာခေါ်မည်

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ရှိ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် မေလ ၂ ရက်နေ့တွင် လျှောက်လွှာစခေါ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ရှိ လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံးမှ တိုက်ခန်း ပေါင်း ၈၆၄ ခန်းကို အစိုးရဝန်ထမ်းများ သာမက မိသားစု လစဉ်ဝင်ငွေ သုံးသိန်းရှိသူတိုင်း လျှောက်ထား နိုင်ကြောင်း၊ လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မြေညီထပ်တွင် ဝယ်ယူကာ ဇွန်လ ၂ ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဗိုလ်ဗထူး အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ကို ၂၀၁၅ ဒီဇင်ဘာမှာ စတယ်။ စီမံကိန်းကာလက သုံးနှစ် ကြာမြင့်မှာပါ။ တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြည်သူလူထုကို ကြိုရောင်းပေးတာ။ စည်ပင်က ရောင်းတဲ့ ဗိုလ်ဗထူး (ပထမအဆင့်)နဲ့ ဗိုလ်မင်းရောင်တိုက်ခန်း ရပြီးသူတွေ လျှောက်လို့ မရပါဘူး”ဟု ၎င်းက ရှင်းပြသည်။

တိုက်ခန်းဝယ်ယူ လျှောက်ထားသူများအနေနှင့် အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက် အနည်းဆုံး ၂၀ နှစ် ရှိရ မည်ဖြစ်ပြီး အမှန်တကယ် နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက် ပါရှိရ မည်ဖြစ်ကာ ပြင်ပမှ လျှောက်ထားသူများအနေနှင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ (အိမ်ထောင်ဦးစီး) ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာဝယ်သူနှင့် တင်သွင်းသူ တစ်ဦးတည်းဖြစ်ရမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံ မှ သိရသည်။

အဆိုပါ တိုက်ခန်းများကို အရစ်ကျ (သို့) ဘဏ်ချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ရာ တိုက်ခန်း ဝယ်ယူခွင့် ရသူများသည် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူခွင့်ရရှိပြီး နှစ်လအတွင်း အပြီးပေးချေရမည် ဖြစ်ကာ သတ်မှတ်ကာလအတွင်း ငွေပေးသွင်းခြင်းမရှိသည့် အခန်းများ၏ ဝယ်ယူခွင့်ကို ပယ်ဖျက်၍ မဲနှိုက်ထားသည့် အရန်စာရင်းအတိုင်း ရောင်းချမည်ဖြစ်သည်။

စတုရန်းပေ ၉၂၇ ရှိ အခန်း ၅၇၀ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၃၇၇ သိန်း၊ စတုရန်းပေ ၈၇၇ ပေရှိ အခန်း ၃၈ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၃၅၉ သိန်း၊ စတုရန်းပေ ၆၁၄ ပေရှိ အခန်း ၂၄၀ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၂၈၅ သိန်း၊ စတုရန်းပေ ၅၆၅ ပေရှိ အခန်း ၁၆ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၂၆၇ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။ # The Voice