ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တင်ပြီး စတင်ဖြတ်သန်းခွင့်ပြု

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း)အမည်ဖြင့် ဧပြီ ၂၆ ရက် ည ၉ နာရီတွင် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ  ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ခရီးသွားပြည်သူများအား ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။

တံတားဖြတ်သန်းချိန်ကို  နံနက် ၅ နာရီမှ ည ၁၀ နာရီထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်  ကြေညာထားသည်။

‘‘တံတားဖွင့်မယ့်ရက်ကို အတိအကျ မသိသေးဘူး။ အခုတံတားဖွင့်ပွဲ မလုပ်ရသေးဘူး။ ပြည်သူတွေကို အရမ်းပေးသွားချင်လို့ ပြည်သူတွေကို ဦးစားပေးပြီး ဖြတ်သန်းခွင့် ပြုလိုက်တာပါ။ ဒီလို ဖြတ်သန်းခွင့်ပြု နေတဲ့အချိန်မှာ တံတားခံနိုင်ဝန်ကို စမ်းသပ်မှုပြန်လုပ်မယ်။ တံတားဖြတ်သန်းမှုအတွက် ငွေကြေးကောက်ခံ ဖို့ အစီအစဉ်မရှိသေးပါဘူး’’ ဟု မွန်ပြည် နယ်လမ်းတံတားဦးစီးဌာန ပြည် နယ်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း (ဘီလူးကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ခြင်းအပေါ် ပြောကြားနေမှုများသည် ဝေဖန် နေခြင်းမဟုတ်ဘဲ ဖွခြင်းသာဖြစ်ကြောင်း ဒေါက်တာအေးဇံက ပြောသည်။

ထို့အပြင် တံတားဖွင့်ပွဲကို ခမ်းခမ်းနားနားပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများ တက်ရောက်မည်ဟု ဒေါက်တာအေးဇံက ပြောသည်။ သို့သော် တံတားဖွင့်ပွဲပြုလုပ်မည့် အချိန်ကို အတိအကျပြောကြားခြင်း မရှိဘဲ ပြုလုပ်မည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟုသာ ပြောသည်။

‘‘ဆိုင်းဘုတ်တင်ပြီး အများ သူငါ ဖြတ်သန်းခွင့်ပြုလိုက်တယ် ပေါ့ဗျာ။ မနက် ၅ နာရီကနေ ည ၁၀ နာရီအထိ နေ့တိုင်း ဆက် တိုက်ပဲပေါ့။ တံတားဖွင့်ပွဲပြီးတာ နဲ့ ၂၄ နာရီ ပေးဖြတ်မှာပေါ့’’ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

ထိုတံတားကို ဧပြီ နောက် ဆုံးပတ်အတွင်း Loading Test (တံတားခံနိုင်ရည်အား စစ်ဆေးမှု) ပြုလုပ်ထား ပြီး ဖြစ်သောကြောင့် အများပြည်သူသွားလာမှု အဆင် ပြေပြီဟု ၎င်းကဆိုသည်။

ထို့တံတားကို သံလွင်တံတား(ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းကြောင့် မွန် တိုင်းရင်းသားအများစုက နှစ်ကြိမ်တိုင် ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း တံ တား(ဘီလူးကျွန်း)ကို ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် ၂၀၁၅ ဖေဖော်ဝါရီက စတင် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည်။ တံတားအရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိသည့် နှစ်လမ်းသွား သံမဏိသံပေါင်ခုံးတံတား ဖြစ်သည်။

# 7 Day