မြောက်ကိုရီးယားနိုင်ငံ၏ နှစ်ပတ်လည် တပ်မတော်နေ့ အခမ်းအနားကို စစ်ရေး လေ့ကျင့်မှုဖြင့် ဂုဏ်ပြု

တောင်ကိုရီးယားနိုင်ငံက တင်းမာမှုဖြစ်နေသည့် ဒေသတွင် အမေရိကန်လေယာဉ်တင်သင်္ဘောနှင့်အတူ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့တွင် ကျရောက်သည့် တပ်မတော်နေ့ နှစ်ပတ်လည် အခမ်းအနားကို စစ်ရေးလေ့ကျင့်ပစ်ခတ်မှုဖြင့် ဂုဏ်ပြုလိုက်ကြောင်း သိရသည်။

စစ်တပ်ထူးထောင်သည့် ၈၅ နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် ဆဌမမြောက် နျူကလီးယား စမ်းသပ်မှု သို့မဟုတ် အခြားဒုံးကျည်ပစ်လွှတ်မှုလုပ်ဆောင်နိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

သို့သော် ဒေသစံတော်ချိန် နေ့လယ်ပိုင်းထိ မည်သည့်ပုံမှန်မဟုတ်သည့်လှုပ်ရှားမှုကိုမျှ မတွေ့ရှိရကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ အမည်မဖော်လိုသော အစိုးရသတင်းအရင်း အမြစ်ကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟက်သတင်းဌာနက မြောက်ကိုရီးယားအနေဖြင့် နှစ်ပတ်လည် နေ့ကို အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြင့် ဂုဏ်ပြုခဲ့ကြောင်း၊ အရှေ့ဘက်ဆိပ်ကမ်းမြို့ ဝန်ဆမ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်ကင်ဂျုံအန်က ကြည့်ရှုခဲ့ကြောင်း ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သော ဒုံးကျည်တစ်စင်းကို တည်ဆောက် နိုင်ရန် ရည်မှန်းထားပြီး ဒုံးကျည်စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည့်အတွက် မကြာသေးမီလများအတွင်း တင်းမာမှုများကို မြင့်တက်လာစေခဲ့သည်။

Ref:AFP
Democracy Today