ကုန်သွယ်ရေးတိုးမြှင့်ရန် ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်တံတား အသစ်ဖွင့်လှစ်

ကမ္ဘောဒီးယားနှင့် ဗီယက်နမ် တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်ရန် ဧပြီ ၂၄ရက်တွင် နယ်စပ်တံတား အသစ် တစ်စင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မဲခေါင်မြစ်ဝှမ်းဒေသရှိ မြစ်တစ်စင်းကို ဖြတ်ကျော်သွယ်တန်း ထားသော ထိုတံတားအား နှစ်နိုင်ငံ ပူးတွဲတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုတံတားသည် ၄၂၇မီတာ ရှည်လျားပြီး အမေရိကန်ဒေါ်လာ ၃၆သန်းကုန်ကျကာ နှစ်နိုင်ငံ အညီအမျှခွဲဝေ ကျခံခဲ့သည်။ တံတားကို ၂၇ လကြာ တည်ဆောက်ခဲ့ရသည်။ ယခုနှစ်သည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ် တို့ သံတမန်ဆက်ဆံရေး နှစ် ၅ဝ ပြည့်မြောက်သည့်နှစ်ဖြစ်သည်။

တံတားဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တံတားကြောင့် နှစ်နိုင်ငံပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လူနေမှုအဆင့်အတန်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မဲခေါင်မြစ်တစ် လျှောက်နှင့် မြစ်ဝှမ်းဒေသမှ ပြည်သူများ စီးပွားရေး ပိုမိုဖွံ့ဖြိုးလာကြမည်ဖြစ်ကြောင်း ပြောသည်။

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရွှမ်ဖတ်ကလည်း တံတားကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဟု ပြောသည်။

ထိုတံတားသည် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှ ကီလိုမီတာ ၈ဝ အကွာတွင်ရှိသည်။ နှစ်နိုင်ငံကြား မြစ်တစ်စင်းကို ဖြတ်ကျော်သွယ်တန်းထားခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံသာ ရှိခဲ့သော်လည်း တံတားကြောင့် ယခုနှစ်တွင် ငါးဘီလီယံအထိ တိုးလာ မည်ဟု မျှော်လင့်ကြောင်း သိရသည်။

theyangontimes