တောင်ကိုရီးယားရှိ THAAD ဒုံးခွင်းဒုံးစနစ် ကနဦးအဆင့် စတင်သက်ဝင်လာ

တောင်ကိုရီးယားတွင် ဖြန့်ကျက်ထားသည့် THAAD ဒုံးခွင်းဒုံးစနစ်မှာ ကနဦးအဆင့် စတင်လည်ပတ် နိုင်စွမ်းရှိ နေပြီဟု အမေရိကန် စစ်တပ်က အတည်ပြုခဲ့သည်။ THAAD၏ လက်ရှိ အနေအထားမှာ မြောက်ကိုရီးယား ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ပြီး တောင်ကိုရီးယားကို အကာအကွယ် ပေးနိုင်စွမ်းရှိနေပြီဟု တောင်ကိုရီးယားရှိ အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ သို့သော် THAAD စနစ်၏ စွမ်းဆောင်ရည် အမြင့်ဆုံးအဆင့်ထိ ရောက်ရှိရန်မူ အားဖြည့်တပ်ဆင်မှုများ နောက်ထပ်လအနည်းငယ် ဆက်လက်လုပ်ဆောင်ရဦးမည်ဟု သိရသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် မဟာဗျူဟာ တိုက်သင်္ဘောအုပ်စုတစ်ခုနှင့် ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်လိုက်သည့်နောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ အမြင့်ဆုံးဖြစ်နေသည်။

မေ ၁ ရက်တွင် အမေရိကန်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး နှစ်စီးသည် တောင်ကိုရီးယားလေတပ်နှင့် ပူးပေါင်းပျံသန်းကာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့သည်။ အမေရိကန်စစ်တပ်က အဆိုပါလုပ်ငန်းစဉ် သည် ပုံမှန်လေ့ကျင့်ရေး အစီအစဉ် တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့သည်။

THAADသည် ကောင်းကင်အမြင့်တွင် မြန်နှုန်းအားကောင်းစွာ ပျံသန်းနေသည့် ဒုံးကျည်များနှင့် လေယာဉ် များကို ကြားဖြတ်ဟန့်တား ပစ်ခတ်နိုင်စွမ်းမျိုး ရှိနေသည်။ စွမ်းဆောင်ရည် အပြည့်အဝ လည်ပတ်နိုင်ချိန်တွင် မြောက်ကိုရီးယားက ပစ်လွှတ်သော ဒုံးကျည်များကို အစောပိုင်း အဆင့်တွင်ပင် ကြားဖြတ်ပစ်ချနိုင်မည့် အခြေ အနေရှိကြောင်းလည်း သိရသည်။

သို့သော် THAAD စနစ်ဖြန့်ကျက်ထားရာ နေရာအနီး ဒေသခံများကမူ ယင်းလက်နက်သည် မိမိတို့၏ လူနေမှု ဘဝများကို သက်ရောက် ထိခိုက်စေမည်ဟု ယုံကြည်ကြောင်း ဆန္ဒပြဝေဖန်ကြသည်။ တရုတ် အစိုးရကလည်း အဆိုပါစနစ်တွင် အလွန်အားကောင်းသော ရေဒါများတပ်ဆင်ထားရာ မိမိတို့၏ ပိုင်နက်နယ်မြေ လုံခြုံရေးကိုပါ ထိခိုက်လာနိုင်ကြောင်း ကန့်ကွက်ခဲ့သည်။

တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက THAADသည် စတင် သက်ဝင်လည်ပတ်နေပြီး တောင်ကိုရီးယားကို မြောက်ကိုရီးယား ဒုံးကျည်ရန်မှ အကာအကွယ်ပေးနိုင်ပြီဖြစ် ကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင်မူ ဒုံးခွင်းဒုံး၏ ကနဦးကြားဖြတ်ဟန့်တားမှု စွမ်းရည်တွင်သာရှိနေ သေးပြီး လပိုင်းမျှ တပ်ဆင် အဆင့်မြှင့်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေကြောင်း AFPသို့ အသိပေး ခဲ့သည်။ THAAD၏ အမြင့်ဆုံး စွမ်းဆောင်ရည် ရရှိစေမည့် အစိတ်အပိုင်းသစ်များသည် ယခုနှစ် မကုန်မီ တောင်ကိုရီးယားသို့ ရောက်ရှိလာမည် ဖြစ်သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဒုံးကျည်စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နှစ်ကြိမ်စလုံး မအောင်မြင်ခဲ့ချေ။ ထို့အပြင် ကိုရီးယားကျွန်းဆွယ် မြောက်ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံသည် ၎င်းတို့၏ ဆဋ္ဌမ အကြိမ်မြောက် နျူကလီးယား ဖောက်ခွဲစမ်းသပ်မှု တစ်ရပ်ကို အချိန်မရွေး အကောင်အထည် ဖော်လာနိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ခန့်မှန်းစောင့်ကြည့်လျက်ရှိသည်။ Ref; AFP