တန်ဖိုးသင့်၊ တန်ဖိုးနည်းတိုက်ခန်း တစ်သောင်းကျော် ယခုနှစ်ကုန်တွင် ရောင်းမည်

မြန်မာတစ်နိုင်ငံလုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်း စုစုပေါင်း ၁၀၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်ကာ ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

ယခု လက်ရှိတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်မြို့တွင် တိုက်ခန်း ၈၇၁၂ ခန်း၊ နေပြည်တော်တွင် တိုက်ခန်း ၈၀ ခန်း၊ မုံရွာမြို့တွင် တိုက်ခန်း ၄၄၀ ခန်း၊ မကွေးမြို့တွင် တိုက်ခန်း ၃၀၄ ခန်းနှင့် ပုသိမ်မြို့တွင် တိုက်ခန်း ၆၇၆ ခန်းကို တည်ဆောက်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို သန်လျင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွေမှာ ဒီနှစ်အပြီး တည်ဆောက်နေပါတယ်။ တည်ဆောက်ပြီးတာနဲ့ တိုက်ခန်းတွေကို ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)မှာ အိမ်ရာဝယ်ယူဖို့ အကောင့်ဖွင့်ထားတဲ့သူတွေက တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း စုငွေပြည့်ရင် ဝယ်ယူနိုင်မှာပါ။ သက်ဆိုင်ရာ တိုင်းအစိုးရ အစီအစဉ်နဲ့လည်း အိမ်ရာမရှိတဲ့ ပြည်သူတွေကို ရောင်းချပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ကျပ်သိန်း ၂၀ဝ အောက်မှ ကျပ်သိန်း ၁၀ဝ အောက် တန်ဖိုးသင့်၊ တန်ဖိုးနည်း တိုက်ခန်းများကို အစိုးရ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပင်စင်စားများနှင့် ဝင်ငွေနည်းပါးသည့် ပြည်သူများကို ဦးစားပေးစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ တိုက်ခန်း ၂၂၀၈ ခန်းနှင့် မန္တလေးမြို့တွင် တိုက်ခန်း ၈၀ဝ ခန်း စုစုပေါင်း တိုက်ခန်း ၃၀ဝ၈ ခန်းကို တည်ဆောက် ရောင်းချပေးခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။

“ဝန်ထမ်းတွေနဲ့ ရတဲ့လစာနဲ့ တိုက်ခန်းတစ်ခန်း ဝယ်ဖို့က ရန်ကုန်မှာ မဖြစ်နိုင်ပါဘူး။ အစိုးရအနေနဲ့ သိန်း ၁၀ဝ အောက် တန်ဖိုးနည်း တိုက်ခန်းတွေကို များများတည်ဆောက်ပြီး နှစ်ရှည်အရစ်ကျနဲ့ ရောင်းချပေး မယ်ဆို ပိုအဆင်ပြေပါတယ်” ဟု ကုမ္ပဏီဝန်ထမ်းဖြစ်သူ ဦးဇော်ထွေးက ဆိုသည်။

# The Voice