ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ UPDJC မှတစ်ဆင့် တင်ပြနိုင်ရန် ကဏ္ဍအလိုက် အကြောင်းအရာများကို ပြန်လည် ဆွေးနွေးသည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ပြုလုပ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှတစ်ဆင့် တင်ပြနိုင်ရန် ကဏ္ဍအလိုက် အကြောင်းအရာများကို ပြန်လည် ဆွေးနွေးသည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မေ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးကို မေ ၁၁ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များမှရရှိသည့် အကြောင်းအရာများကို စုစည်းထားသည့် UPDJC လုပ်ငန်းကော်မတီများ၏ တင်ပြ ချက်များကို ပြန်လည်ဆွေးနွေးခြင်း ဖြစ်သည်။

“ကျွန်မတို့ ဒီနေ့ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ လုပ်ငန်းကော်မတီက တက်လာတဲ့ အကြောင်းအရာတွေ အပေါ်မှာ ကဏ္ဍအသီးသီးမှာ ဘယ်အချက်တွေကတော့ ပေါ်လစီဖြစ်နိုင်သလဲ၊ UPC ကို ဘယ်အချက်တွေက တင်လို့ရသလဲ ဆိုတာလောက်ကိုပဲ ဆွေးနွေးတာ ဖြစ်ပါတယ်။ တချို့အချက်တွေဆိုရင် စုစည်းချက်တွေ များနေ တယ်။ ဒီညီလာခံမှာတော့ အားလုံးကို တင်လို့ရမှာ မဟုတ်ဘူး။ အားလုံးကို တင်လို့မရဘူးဆိုရင် ကဏ္ဍတစ်ခုစီက ငါးခုလောက်ကို တင်လို့ရမလား။ စသည်အားဖြင့် စဉ်းစားဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ စဉ်းစားပြီးတော့မှ UPDJC ကို ကျွန်မတို့ အတွင်းရေးမှူးအဖွဲ့က တင်ရမှာပေါ့လေ။ စတာတွေဆွေးနွေးပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်စောမြ ရာဇာလင်းက ပြောကြားသည်။

ယခုဆွေးနွေးပွဲမှရရှိလာသည့် အချက်အလက်များကို မေ ၁၂ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ တင်ပြသွားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများကို နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၊ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော် မတီ၊ လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီဟူ၍ လုပ်ငန်းကော်မတီ တစ်ခုလျှင် UPDJC ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် ဖွဲ့စည်းထားပြီး UPDJC လုပ်ငန်းကော်မတီ အစည်းအဝေးများကို မေ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုအဆင့်တွင်သာ ဆွေးနွေးရမည့် လုံခြုံရေးကဏ္ဍအပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးထားသည့် နိုင်ငံရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတ စသည့် ကဏ္ဍငါးခုအောက်တွင် ခေါင်းစဉ် ၁၀ ခုဖြင့် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား မေ ၂၄ ရက်တွင် စတင်ပြုလုပ်ရန် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သဘောတူ ဆုံးဖြတ် ထားသည်။

# Eleven