ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာအစောင်ရေ ရောင်းချမှု ကန့်သတ်

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သင်တန်းကျောင်းများအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး ၁၅၀ နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က  JLPT စာမေးပွဲ ကျင်းပရေးကော်မတီမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA) က သတင်းထုတ်ပြန်သည်။

ဇူလိူင် ၂ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) အတွက် သင်တန်းကျောင်း၊ ကုမ္ပဏီများအနေဖြင့် လျှောက်လွှာဝယ်ယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး လျှောက်လွှာရောင်းချမည့် ကာလနှင့် တင်သွင်းရမည့်ကာလကို လျှောက်လွှာစာရွက်များ မြန်မာနိုင်ငံသို့ ရောက်ရှိမည့်အချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်စာရင်းပေးသွင်းရာတွင် တစ်ပြိုင်နက်တည်း လျှောက်လွှာ လာရောက်ဝယ်ယူသူ များပြားနိုင်သောကြောင့် လူစုလူဝေးဖြစ်ပေါ်မှုကို အတန်အသင့်ထိန်းချုပ်နိုင်စေရန် ရက်ချိန်းယူသည့်စနစ် (Booking System) ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး လိုင်စင်တစ်ခုအား သင်တန်းကျောင်းတစ်ကျောင်းဟု သတ်မှတ်ကာ လိုင်စင်အခွဲများ အကျုံးမဝင်ကြောင်း၊ လျှောက်လွှာဝယ်ယူမည့် သင်တန်းကျောင်းများအနေဖြင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာရှိ Google form မှတစ်ဆင့် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၇ ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ အဆင့်လိုက်အဆင့် ငါးခုစလုံးအတွက် တစ်ဦးချင်းလျှောက်လွှာ ကို အွန်လိုင်းမှတစ်ဆင့် လူဦးရေအကန့်အသတ်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး JLPT စာမေးပွဲအတွက်လျှောက်ထားရမည့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA)၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားကြောင်း သိရသည်။

  source; sdtimedaily