နိုင်ငံသား စိစစ်ရေးကတ်တွင် လီရှောတိုင်းရင်းသားဟု ဖော်ပြမှု လီဆူတိုင်းရင်းသားများ ကန့်ကွက်

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် နေထိုင်သော လီဆူတိုင်းရင်းသားများ နိုင်ငံသားစိစစ် ရေးကတ်လုပ်ရာတွင် လီရှောတိုင်းရင်းသားဟု သတ်မှတ်ပေးခဲ့မှုကို ကန့်ကွက်သည့် အနေနှင့် ပြည်သူ့ လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း လီဆူလူငယ်ခေါင်းဆောင် ဦးအားလုက ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်းက ပထမအကြိမ်ထုတ်ပေးသည့် မှတ်ပုံတင်ကတ်များတွင် လီဆူတိုင်းရင်းသားဟု ထည့် သွင်းဖော်ပြပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထုတ်ပေးရာတွင် လီရှောတိုင်းရင်းသားဟု  သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း၊ တစ်နိုင်ငံလုံးတွင်နေထိုင်ကြသော လီဆူတိုင်းရင်းသားများ၏ လီဆူတိုင်းရင်းသားဖြစ်ကြောင်း ထောက်ခံချက်လက်မှတ်များကောက်ခံကာ ပြည်သူ့လွှတ်တော်သို့တင်ပြမည်ဖြစ်ကြောင်း ၎င်းကပြောဆို သည်။

မိုးကုတ်မြို့နယ်တွင်နေထိုင်ကြသော လီဆူတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံအနှံ့တွင် နေထိုင်သော လီဆူ တိုင်းရင်းသားများအနေနှင့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်များ လုပ်ဆောင်ရာတွင် အခက်အခဲရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်းက မှတ်ပုံတင်ကတ် ပြုလုပ်ရာတွင် လုပ်ဆောင်သူ ၃၀၀၀ အနက် ၁၀၆ ဦးသာ မှတ်ပုံတင်ရရှိခဲ့ကြောင်း၊၂၀၁၇ ခုနှစ် နှစ်စပိုင်းတွင် လုပ်ဆောင်ပေးခဲ့ရာ၌ လျှောက်ထားသူ ၅၀ ဦး အနက် ၃၃ ဦးကို လီရှောတိုင်းရင်းသားဟူ၍ မှတ်ပုံတင်ထုတ်ပေးခဲ့ကြောင်း ဦးအာလုက ထပ်မံပြော ကြားသည်။

“တိုင်းရင်းသားလူမျိုးစု ၁၂၅ မျိုးထဲမှာ လီဆူဆိုတာ ပါတယ်။ ဒုတိယအကြိမ် မှတ်ပုံတင်ထုတ်ပေးတဲ့ နေရာ မှာ လီရှောဖြစ်နေတယ်။ ဒါကို လက်သင့်ခံလို့မရပါဘူး။ ဒါ့ကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လီဆူ တိုင်းရင်း သားတွေရဲ့ ထောက်ခံချက်လက်မှတ်ကောက်ပြီး နေပြည်တော်ကို ဦးဆုံးပို့မယ်၊ ပြီးတော့ လွှတ်တော် တွင်း မှာ ဆွေးနွေးလို့ရအောင် လွှတ်တော်အမတ်တွေက တစ်ဆင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

တိုင်းရင်းသားများကို မှတ်ပုံတင် ထုတ်ပေးရာတွင် အခက်အခဲများနှင့် ကြုံရလေ့ရှိကြောင်း၊ အဓိကအားဖြင့် မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်း မပြည့်စုံခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စရပ်ကို ဖြေလျှော့ ၍ မှတ်ပုံတင်လုပ်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည်လည်း လျှောက်ထားသူများကိုယ်တိုင် လီရှော တိုင်းရင်းသားဟု လျှောက်ထားခဲ့ခြင်းသာဖြစ်ကြောင်း မိုးကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။

မိုးကုတ်မြို့နယ်အတွင်း မှတ်ပုံတင် မရသေးသော လီဆူတိုင်းရင်းသား တစ်သောင်းကျော်ရှိပြီး အများစုမှာ ကျေးရွာများတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့အနေနှင့် မြို့ပေါ်တက်၍ မှတ်ပုံတင်လုပ်ရန် မလွယ် ကူခြင်း၊ ဘိုးဘွားအစဉ်အဆက် အချက်အလက်နှင့် စာရွက်စာတမ်းများ ပြည့်စုံမှုမရှိခြင်းကြောင့် မှတ်ပုံတင် လုပ်ရန် အခက်အခဲ ရှိနေကြောင်း လီဆူရိုးရာ၊ စာပေနှင့် ယဉ်ကျေးမှုအသင်း (မိုးကုတ်) ထံမှ သိရှိရသည်။ # The Voice