ရွေးကောက်ပွဲရလဒ်ပြန်လည်သုံးသပ်ရန် SNLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပမည်

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲရလဒ်ကို ပြန်လည်သုံးသပ်ရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ယခုလကုန် (သို့မဟုတ်) မေလဆန်း တွင် ကျင်းပမည်ဖြစ်ကြောင်း SNLDမှ သတင်းရရှိသည်။

ကားဖြတ်ရွေးကောက်ပွဲတွင် SNLD ပါတီအနေဖြင့် ရှမ်းပြည်နယ်ရှိ လစ်လပ်နေရာ ရှစ်နေရာအနက် ခုနစ် နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ခြောက်နေရာ အနိုင်ရရှိထားသည်။

SNLD ပါတီတွင် ဗဟိုအ လုပ်အမှုဆောင် ၂၅ ဦးရှိပြီး ဗဟိုကော်မတီဝင် ၇၅ ဦးရှိသည်။ SNLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို ရန်ကုန် (သို့မဟုတ်) ရှမ်းပြည်နယ်ရှိ မြို့တစ်ခုခုတွင် ကျင်းပမည် ဖြစ်သည်။

‘‘ကျွန်တော်တို့ ရွေးကောက် ပွဲ ပြီးခါစဆိုတော့ အဲဒီအပိုင်းကို ပြန်လည် သုံးသပ်နေတာတွေရှိတယ်။ ဒါကို CEC (ဗဟိုအလုပ်အမှုဆောင်) အဆင့်မှာ အစည်းအဝေးလုပ်ဖို့ စီစဉ်ထားတယ်။ CEC အဆင့်မှာ ပြန်လည် သုံးသပ်မယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ အစီအစဉ်တွေ ချမှတ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပါတီ လှုပ်ရှားမှုတွေ ဘယ်လိုဆက်လုပ်ကြမယ်ဆိုတဲ့အပိုင်းပေါ့’’ ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွန့် ကပြောသည်။

ရှမ်းပြည်နယ်ရှိ မြို့နယ်သုံး ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် SNLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ၌ မျှော်လင့်ထားသည့်အတိုင်း  အောင်မြင်ခဲ့သော်လည်း ရှမ်းပြည်နယ်တစ်ခုလုံး လွှမ်းခြုံသည့် အဆင့်အတွက် အင်တိုက်အားတိုက် နှစ်နှင့်ချီပြီး လုပ်ဆောင်ရမည့် သဘောရှိ၍ ယခုအချိန်ကတည်းက ပြင်ဆင်ရမည်ဟု ၎င်းက ဆိုသည်။

SNLD အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အတွင်း လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ပြန်လည် အားစိုက် လုပ်ဆောင်မည်ဟု ဦးစိုင်းကျော်ညွန့်က  ဆိုသည်။

# 7 Day