ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေ ချေးခွင့်ပြုရန် ဗဟိုဘဏ်စီစဉ်နေ

ပြည်တွင်းစီးပွားရေး  လုပ်ငန်းရှင်များအား ပုဂ္ဂလိကဘဏ်များက နိုင်ငံခြားငွေဖြင့် ထုတ်ချေးခွင့်ပြုရန် ဗဟိုဘဏ်က စီစဉ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၃ ရက်၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်များက ငွေချေးရာ၌ ကျပ်ငွေကိုသာ ထုတ်ချေးရန် ဗဟိုဘဏ်က ခွင့်ပြုထား သည်။ ‘‘ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာချေးယူခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုပေးဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဒေါက်တာ စိုးထွန်းက ပြောသည်။

ပုဂ္ဂလိကဘဏ်များကအမေရိ ကန်ဒေါ်လာချေးရန် ခွင့်ပြုပါက ဘဏ်များတွင် နိုင်ငံခြားငွေ လုံလောက်စွာ ရရှိရန် လိုအပ်ကြောင်း ပုဂ္ဂလိကဘဏ်များ အပ်ငွေ စုဆောင်းရရှိမှုအပေါ် မူတည်ပြီး ချေးငွေများပြန် ထုတ် ပေးရခြင်းဖြစ်သောကြောင့် ဒေါ်လာအပ်ငွေရရှိရန် လိုအပ်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းဘဏ်များသည် နိုင်ငံခြားဘဏ်များမှ ချေးငွေရယူပြီး လုပ်ငန်းရှင်များအား ငွေပြန်လည်ချေးပေး မည်ဆိုပါက ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ အပေါ်မူတည်သည်ဟု ၎င်းက ဆိုသည်။ လက်ရှိ၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ကျပ်ငွေတစ်မျိုးသာ အပ်ငွေလက်ခံရန် ဗဟိုဘဏ်က ခွင့်ပြုထားခြင်းကြောင့် နိုင်ငံခြားငွေ ထုတ်ချေးခွင့်ပြုမည်ဆိုပါက နိုင်ငံခြားအပ်ငွေ လက်ခံရန် လိုအပ်နေ သည်။

‘‘ပြည်တွင်း ဘဏ်တွေက ဒေါ်လာချေးငွေရမယ်ဆိုရင် သွင်းကုန်လုပ်ငန်းတွေတော့ အဆင်ပြေတာပေါ့’’ ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ဒီချုပ်အစိုးရသည် ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များကိုလည်း ၀န်ဆောင်မှုများ တိုးမြှင့်ခွင့်ပြုရန် စီစဉ်နေသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း တွေ့ဆုံပွဲ တက်ရောက်သူ များက ပြောသည်။

# 7 Day Daily