တိုက်ပွဲအရှိန် လျှော့ချရေး မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တရုတ်အစိုးရ တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang နှင့် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံ၍ တိုက်ပွဲအရှိန်လျှော့ချရေး ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

တရုတ်အထူးကိုယ်စားလှယ်နှင့် မြောက်ပိုင်းအဖွဲ့တို့သည် မတ်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့ရှိ World Trade Center တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှုတွင် တိုက်ပွဲအရှိန် လျှော့ချရေး၊ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခ များ၊ လက်ရှိ စစ်ရေး နိုင်ငံရေး ကိစ္စရပ်များ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပခြင်းနှင့် ပတ်သတ်သည့် အကြောင်းအရာများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း မြောက်ပိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

တရုတ်အထူးကိုယ်စားလှယ်နှင့် မြောက်ပိုင်းအဖွဲ့တို့၏ ယခုတွေ့ဆုံမှုသည် တတိယအကြိမ်မြောက် ထပ်မံ တွေ့ဆုံခြင်း ဖြစ်ပြီး မူဆယ် ၁၀၅ မိုင် တိုက်ခိုက်မှု ဖြစ်ပွားမှုအပြီးတွင် နှစ်ကြိမ် တွေ့ဆုံထားပြီး ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ MNDAA (ကိုးကန့်) လက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုတွေ့ဆုံမှုမှာ အဆိုပါ တိုက်ပွဲများနှင့် ဆက်စပ်မှု ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

ယခင်တွေ့ဆုံချိန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အနေနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် စစ်ရေးလှုပ်ရှားမှု များကို လျှော့ချရန် တရုတ်အစိုးရက သတိပေးမှုပြုလုပ်ခဲ့ပြီး ယခုတိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA)၊ကိုးကန့် (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စသည့် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ ပူးပေါင်းထားခြင်း ဖြစ်သည်။

# The Voice