ဥပဒေနှင့်မညီညွတ်ဘဲ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနေမှုများ ရှိသည်ဆိုပြီး ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်မည်

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှု ရှိနေသည်ဟု ဆိုကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကို ရခိုင်တစ်ပြည်လုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အနောက်တံခါးဒေသ ကူညီစောင့်ရှောက်မှုအဖွဲ့၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်ကိုယ်စားလှယ်များပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၈ ရက်က စစ်တွေမြို့နယ်ရှိ စစ်ကဲ တော်မင်း ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကာ ယင်းသို့ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ရခိုင် တစ်ပြည်လုံးရှိ မြို့နယ်အားလုံးတွင် မတ်လ ၁၉ ရက်၌ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲများကို တစ်ပြိုင်နက် ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် မတ်လ ၂၀ မှ ၂၇ ရက်အထိ မြို့နယ်ပေါင်းစုံမှ ကိုယ်စားလှယ်များသည် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှေ့တွင် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကြွေးကြော်သံများဖြင့် တောင်းဆိုဆန္ဒ ထုတ်ဖော် မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့်သူတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်အတွင်း မှ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မောင်တောမြို့ခံ သုံးရာ ကျော်က ပြုလုပ်ခဲ့သည်။

မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီများကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန (လ၀က) က နိုင်ငံသားလက်မှတ်များ ထုတ်ပေးနေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့က လိုအပ်သော ကြားနာမှု များကို ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက်တွင် မောင်တောနှင့် ဘူးသီးတောင်မြို့သို့ လာရောက် ကြားနာခဲ့သည်။

ဘင်္ဂါလီများအား နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် (National Verification Process) အရ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ကတ်ပြားများ ထုတ်ပေးခြင်းဖြစ် ကြောင်း လ၀ကတာဝန်ရှိသူများက ပြောကြားထားသည်ဟု သိရသည်။

# 7 Day Daily