ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ပတ်သက်၍ဆွေးနွေးမည့် ရခိုင်လွှတ်တော်အထူးအစည်းအဝေး စက်တင်ဘာ ၁၂ ရက်စတင်မည်

နိုင်ငံခြားသားများပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် ခေါ်ယူထားသည့် ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးသည် ယခုလ ၁၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရန် သြဂုတ် ၂၄ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါကော်မရှင်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်၏ သဘောထားကို ဆွေးနွေးနိုင်ရန်အတွက် အထူးအစည်းအဝေးတစ်ရပ်ခေါ်ယူရန် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး က တင်ပြတောင်းဆိုထားခြင်းဖြစ်သည်။

”ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အကြံပေးကော်မရှင်ဖွဲ့တဲ့ကိစ္စမှာ နိုင်ငံခြားသားတွေပါတာကို ကျွန်တော်တို့က သဘောမကျတဲ့အတွက် အထူးအစည်းအဝေးခေါ်ယူဖို့ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြတောင်းဆိုခဲ့တာပါ။ ဆိုတော့ အခု အထူးအစည်းအဝေးမှာလည်း အဲ့ဒီကော်မရှင်ကို ကန့်ကွက်ဖို့အတွက် ဆွေးနွေးဖို့နဲ့ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ပါဝင်လာနိုင်ပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှဖွဲ့စည်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က ဦးဆောင်မည်ဖြစ်ပြီး ကော်မရှင်နှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည့်အကြောင်းအရာများအပေါ် ဝေဖန်မှုများပေါ်ပေါက်နေသည်။

အဆိုပါကော်မရှင်တွင် မြန်မာနိုင်ငံသားပုဂ္ဂိုလ် ခြောက်ဦးနှင့် နိုင်ငံတကာမှပုဂ္ဂိုလ် သုံးဦး စုစုပေါင်းကိုးဦး ပါဝင်မည်ဖြစ်ပြီး ကော်မရှင်သည် လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းနိုင်မည့်အကောင်းဆုံးနည်းလမ်းများကို ရှာဖွေရန် ပါဝင်သက်ဆိုင်သူများ၊ နိုင်ငံတကာကျွမ်းကျင်သူများ၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အမြင်သဘောထားများကိုရယူလျက် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကာ အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လကာလထက် နောက်မကျစေဘဲ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးမှဖွဲ့စည်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားပါတီကတောင်းဆိုထားပြီး ရခိုင်ဒေသခံ များကလည်း ဝေဖန်မှုများရှိနေသည်။

Rakhine News Agency


Leave a Reply