ပိတ်ပင်ခံထားရသည့် မလေးနိုင်ငံသား ကုလဝန်ထမ်း ၂ ဦး မြောက်ကိုရီးယားမှ ထွက်ခွာခွင့်ရ

မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ခွာခွင့် ပိတ်ပင်ခံရတဲ့ မလေးရှားနိုင်ငံသား ကုလသမဂ္ဂဝန်ထမ်း ၂ ဦး မြောက် ကိုရီးယားနိုင်ငံက ထွက်ခွာခွင့်ရခဲ့ပြီး ဘေကျင်းမြို့ကို မတ်လ ၉ ရက်နေ့က ရောက်လာခဲ့ကြပါတယ်။

အခုထွက်ခွာခွင့်ရခဲ့တဲ့ မလေးရှားနိုင်ငံသား ၂ ဦးဟာ မြောက်ကိုရီးယားမှာ ထွက်ခွင့်အပိတ်ခံရတဲ့ မလေးရှား နိုင်ငံသား ၁၁ ဦးထဲကဖြစ်ပြီး ကျန် ၉ ဦးကတော့ ထွက်ခွာခွင့် မရသေးပါဘူး။

အခုထွက်ခွာခွင့်ရလာကြတဲ့ မလေးရှားနိုင်ငံသား ၂ ဦးဟာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ဌာန ဝန်ထမ်း တွေ ဖြစ်ကြပါတယ်။

မလေးရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို မလေးရှားနိုင်ငံမှာ အသတ်ခံရမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံလုံးက နိုင်ငံသားတွေကို ထွက်ခွင့်မပေးဘဲ အပြန်အလှန် ပိတ်ပင်ခဲ့ကြတာပါ။

ကင်ဂျုံအန်းရဲ့အစ်ကို အသတ်ခံရမှုမှာ မြောက်ကိုရီးယားအစိုးရလည်း တာဝန်ရှိတယ်လို့ ကျယ်ကျယ့်ပြန်ပြန့် ယုံကြည်နေကြပေမယ့် မလေးရှားနိုင်ငံကတော့ အဲဒီလို တိုက်ရိုက်စွပ်စွဲခြင်း မရှိပါဘူး။

မြောက်ကိုရီးယားသံရုံးထဲမှာ ခိုလှုံနေတဲ့ သံသယရှိသူ ၃ ဦးကို လွှဲပြောင်းပေးဖို့ မလေးရှား စုံးစမ်းရေးအရာရှိ တွေက တောင်းဆိုပေမယ့် မြောက်ကိုရီးယားနိုင်ငံက ဒေါသတကြီး ငြင်းဆန်ခဲ့ပါတယ်။

(DVB)