ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ထွက်ရှိရေးကို ဦးစားပေးဆွေးနွေးမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(ချင်း) ကို ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်မည်

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများထွက်ရှိရေးကို ဦးစားပေး ဆွေးနွေး မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကို ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်၍ သုံးရက်ကြာ ပြုလုပ် မည်ဖြစ်ကြောင်း ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (CNDJC) က ဖေဖော်ဝါရီ ၂၁ ရက်တွင် မီဒီယာများကို အသိပေးခဲ့သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ရှင်းလင်း တင်ပြ ခြင်း၊ သတ်မှတ်ထားသည့် အကြောင်းအရာများကို ဆွေးနွေးခြင်း၊ ဘုံသဘောထား အမြင်များနှင့် မတူကွဲပြား သည့်အမြင်များကို စုစည်းခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ညီလာခံ ရလဒ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ထွက်ရှိရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

CNDJC ၏ဦးဆောင်မှုဖြင့် ပထမအကြိမ် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ဖေဖော် ၀ါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာပြည်နယ်တွင်း ပြည်နယ် ပြင်ပ မြို့နယ် ၃၀ ခန့်မှ ချင်းကိုယ်စားလှယ် ၅၀၀ ခန့်ကို ဖိတ်ကြား ထားကြောင်း သိရသည်။

ယခုပြုလုပ်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)တွင် ချင်းလူမျိုးအားလုံး ပါဝင်နိုင်သည့် အခင်းအကျင်း ဖြစ်စေရန် စီစဉ်ထားကြောင်းနှင့် အမျိုးသမီး ရာခိုင်နှုန်း ၃၀၊ လူငယ်ရာခိုင်နှုန်း ၃၀ ပါဝင်ရမည်ဟု အခြေခံမူ ချမှတ်ထားကြောင်း CNDJC တာဝန်ရှိသူများက ပြောကြားသည်။ ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ (CNDJC) ကို ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ကိုယ်စားလှယ် ခုနစ်ဦး၊ ချင်းနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ခုနစ်ဦး၊ ချင်းအရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားပြု ကိုယ်စားလှယ် ခုနစ်ဦးတို့ ပါဝင်ဖွဲ့စည်းထားပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)များ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးများကို ၂၀၁၆ နိုဝင်ဘာမှ စတင်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများက ဦးဆောင်ကျင်းပခွင့်ရှိသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကရင်တိုင်းရင်းသားများက ကျင်းပထားပြီးဖြစ်ရာ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် န၀မအကြိမ်မြောက် UPDJC အစည်းအဝေးတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)၊ (ရခိုင်)၊ (ပအိုဝ်း) တို့ ကျင်းပခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်းများက တင်ပြဆွေးနွေးခဲ့သော်လည်း ပအိုဝ်းတိုင်းရင်းသားများကိုသာ ခွင့်ပြုခဲ့သည်။

ထို့နောက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)၊ (ရခိုင်)တို့အား ကျင်းပခွင့် မပြုသည့် အပေါ် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများက မကျေမလည် ဖြစ်ပေါ်ခဲ့ပြီး ချင်းအမျိုးသား တပ်ဦးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးသို့ တက်ရောက်ရန်၊ မတက်ရောက်ရန်အား ပြန်လည်စဉ်းစား ဆုံးဖြတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ချင်းတိုင်းရင်းသားများ အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်ပြီး အသင့်ဖြစ်နေသော်လည်း ကျင်းပခွင့် မပေးသည့်အပေါ် လက်မခံကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းနိုင်ငံရေး ပါတီများ၊ ချင်းအရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (CNDJC) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာထုတ်ပြန်ပြီးနောက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ အစိုးရဘက်မှ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကျင်းပခွင့်အား ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် နိုင်ငံရေးပါတီများက ဦးဆောင်ခေါ်ယူ၍  အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သော သီးခြား လက္ခဏာရှိသည့် တိုင်းရင်းသားလူမျိုးများ ပါဝင်နိုင်ကြောင်းနှင့် နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍ စသည့် ကဏ္ဍလေးခုတို့မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီအလိုက် ခံစားသင့်ခံစားထိုက်သော အခွင့်အရေးနှင့် လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေး ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးနိုင်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည်။

# The Voice