ကြားဖြတ်ရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းကို ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုတွင် ထုတ်ပြန်မည်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကို ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်ခန့်အလိုတွင် လစ်လပ်မဲဆန္ဒနယ်များ၌ ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

မတ်လ ၁၇ ရက်မှ ၂၅ ရက်အထိ ကပ်ထားပေးမည့် ဒုတိယအကြိမ် မဲစာရင်းသည် ဖေဖော်ဝါရီအတွင်း ကြေညာ ပေးခဲ့သော အခြေခံမဲစာရင်းကို ပြင်ဆင်ပြီး ပြန်လည်ကြေညာခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ဆိုသည်။

‘‘လာမယ့်လမှာ ကပ်ပေးမယ့်မဲစာရင်းက အခြေခံမဲစာရင်း ကြေညာတုန်းကမပါလို့ လျှောက်တဲ့သူတွေရယ်၊ နာမည်မှားတာ တို့၊ မပါသင့်တဲ့သူပါနေတာတွေကို ပြင်ဆင်ဖို့ လျှောက်ထားတာတွေရှိတယ်။ အဲဒါတွေကို ပြင်ဆင်ပြီး ပြန်ကပ်ပေးတာ’’ဟု ဦးတင် ထွန်းက ပြောသည်။

ဒုတိယအကြိမ် မဲစာရင်းကို မတ်လ ၁၇ ရက်မှ ၂၅ ရက်အထိ ကပ်ထားမည်ဖြစ်ကာ အဆိုပါကာလအတွင်း မဲစာရင်းမှားယွင်းမှုများရှိနေပါက သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်များထံ ပြင်ဆင်မှုများပြုလုပ်ရန် လျှောက် ထားနိုင်ကြောင်း ဦးတင်ထွန်းထံမှ သိရသည်။

‘‘ဒီကာလအတွင်းမှာတော့ ပြင်ဆင်တာတွေလုပ်ချင်လို့ လျှောက်ချင်ရင် မြို့နယ်ကော်မရှင်လောက်နဲ့ပြီးတယ်။ အဲဒီကာလကျော်သွားရင်တော့ ခရိုင်ကော်မရှင်မှာပဲ  လျှောက်လို့ရတော့မယ်။ ဒီနောက်ပိုင်းမှာတော့ ရွေးကောက် ပွဲကျင်းပဖို့ တစ်ပတ်လောက်ပဲလိုတော့လို့ ထပ်မကြေညာတော့ဘူး’’ဟု ဦးတင်ထွန်းက ဆိုသည်။

လာမယ့် ဧပြီ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၌ ပြုလုပ်မည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးနိုင်မည့်သူ ဦးရေ ၂ ဒသမ ၂ သန်းခန့်ရှိနေသည်။  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များတွင် ပါဝင်သောနေရာများ၌ မဲစာရင်းကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားပေးသော်လည်း လာရောက်ကြည့်ရှုသူ ၁၂ ဒသမ ၂၄ ရာခိုင်နှုန်းသာရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။

# 7 Day Daily