မြေအောက်ပြတ်ရွေ့ကြောကြီးကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ငလျင်ကြီးများ ဖြစ်ပေါ်နိုင်ဟုဆို

အာရှတောင်ပိုင်းတွင် တည်ရှိနေသည့် ဧရာမမြေလွှာပြတ်ရွေ့ကြောကြီးတစ်ခုက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ တို့၌ အင်အားပြင်းထန်သော ငလျင်ကြီးများ ဖြစ်ပေါ်စေနိုင်သည့် သဘာဝခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် တည်ရှိ နေကြောင်း သိရှိရ သည်။

ကမ္ဘာလုံးဆိုင်ရာ နေရာပြ စနစ် (GPS) ကို အသုံးပြု လေ့လာထားသည့် မှတ်တမ်းအသစ်များအရ အဆိုပါ မြေအောက်ပြတ် ရွေ့ကြောကြီးနှင့် ဆက်စပ်ပြီး ရစ်ခ်ျတာစကေး ၉ မျှထိ ပြင်းထန်သည့် ငလျင်ကြီးများ လှုပ်ခတ် နိုင်သည့် အခြေအနေရှိကြောင်း သိပ္ပံသတင်းအချက်အလက် မဂ္ဂဇင်း National Geographicက ဖော်ပြခဲ့သည်။

အဆိုပါ အာရှတောင်ပိုင်း ဒေသသည် ကမ္ဘာပေါ်တွင် လူဦး ရေ သိပ်သည်းဆုံး ဇုန်နယ်မြေ တစ်ခုလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ငလျင်တိုင်းတာရေးစခန်းများက နှစ်ပေါင်း အတန်ကြာ ကောက်ယူပြုစုထားသည့် အချက်အလက် ကိန်း ဂဏန်းများကို အခြေခံပြီး ယခုကဲ့သို့ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။ အာရှတောင်ပိုင်းဒေသ၏ ရှုပ်ထွေး သော ငလျင်ဆိုင်ရာ ဖြစ်တန်ခြေများအပေါ် ကာလရှည်ကြာ ငြင်းခုံမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းတို့နှင့် ဆက်စပ်၍ ယခုတွေ့ရှိချက်သည် နောက်ဆုံး ရလဒ်အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍ ယခုတွေ့ရှိမှုသည် အချက်အလက်အားလုံး မှန်ကန်ပါက ထိုဒေသရှိ လူပေါင်း သန်း ၁၄၀ မျှသည် အချိန်မရွေး နိုးကြားလှုပ်ရှားပြီး ငလျင်ကြီးများ ပေါ်ပေါက်လာစေနိုင်သည့် ဧရာမ ပြတ်ရွေ့ကြောကြီးပေါ် အခြေချ နေထိုင်နေသည့် သဘောမျိုး ဖြစ် နေမည်ဟု National Geogra-phic က ဖော်ပြခဲ့သည်။

အဆိုပါ ပြတ်ရွေ့ကြောသည် ၂၀၁၁ ရစ်ခ်ျတာစကေး ၉ အဆင့်ရှိ ငလျင်ကြီး ဖြစ်ပေါ်စေခဲ့သည့် အမျိုးအစားနှင့် သဘောသဘာဝ တူညီနေကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ငလျင်တိုင်းတာရေးစခန်းများမှ ရယူထားသည့် အချက်အလက်များကို အခြေခံ၍ တွက်ချက်ရာ၌ အဆိုပါ ပြတ်ရွေ့ကြောသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော်ကတည်းက မြေလွှာအောက်တွင် ဖိအားများ သက်ရောက်ဖြစ်ပေါ်နေစေခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်သည် ၁၆၀၀ ပြည့်လွန်နှစ်များက ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၏ မြို့တော်အဖြစ် ဒါကာကို မတည်ထောင်မီကတည်းက ဖြစ်သည်။

ပြတ်ရွေ့ကြောကြီးသည် ၁၂၄ မိုင်မျှ ကျယ်ဝန်းသည့် ဧရိယာကို ပျံ့နှံ့သက်ရောက် တည်ရှိနေကြောင်းလည်း သိရသည်။ အကယ်၍ ပြတ်ရွေ့ကြောကြီး တစ်ခုလုံး နိုးကြားလှုပ်ရှားလာပါက သက်ရောက ပေါ်ပေါက်လာနိုင် သည့် ငလျင်ကြီး၏ ပြင်းအားသည် ရစ်ခ်ျတာစကေး ၉ အထိ ပြင်းထန်နိုင်ကြောင်း Nature Geoscience၏ အစီရင်ခံစာတွင်လည်း သတိပေး ဖော်ပြထားသည်။

အာရှတောင်ပိုင်း ဒေသသည် ယခင်ကတည်းက ငလျင်များ ဖြစ်ပေါ်စေနိုင်သည့် မြေအောက်မြေလွှာ လှုပ်ရှားမှုများ ထင်ရှားစွာ ရှိနေခဲ့သည့် နေရာလည်းဖြစ်သည်။ အိန္ဒိယတိုက်ငယ်၏ အောက်ခြေကျောက်လွှာများသည် အာရှ တိုက်ဘက်သို့ ဖြည်းညင်းစွာ တိုးဝင်ရွေ့လျားမှုမျိုးသည် လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၀ ကျော်ကတည်းက ဖြစ် ပွားနေခဲ့ပြီး ဟိမဝန္တာတောင်စဉ်တန်းများကို ပေါ်ပေါက်လာစေသည်။ ယင်းနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသည့် ဂန်ဂျက်စ်နှင့် ဗြဟ္မပုတ္တရ မြစ်ကြီးများကြောင့် မြေဩဇာကောင်းမွန်သော မြစ်ဝှမ်းလွင်ပြင်များ ဖြစ်ပေါ်စေပြီး ခေတ် အဆက်ဆက် လူဦးရေထူ ထပ်များပြားလာခြင်း ဖြစ်သည်။

ပညာရှင်များ၏ အဆိုအရ ယင်းဒေသတွင် ငလျင်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု အား နည်းခြင်းများကလည်း အခြေအ နေဆိုးတစ်ရပ် ကြုံလာချိန်တွင် ပိုမိုပြင်းထန်သည့် သက်ရောက်မှုများ ကြုံတွေ့စေဖွယ် ရှိနေသည်။

၂၀၁၅ ဧပြီတွင် နီပေါနိုင်ငံ ၌ ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၉,၀၀၀ ခန့် သေဆုံးခဲ့သည်။


Leave a Reply