ရွှေတိဂုံဘုရား၌ ဒေသန္တရအမိန့် ရုပ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တို့ ပူးပေါင်းထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့အတွင်း M150 အချိုရည် ပုလင်းအသုံးပြုကာ ဖောက်ခွဲမှု ဖြစ်ပြီးနောက် ရွှေတိဂုံဘုရားသို့ လာရောက် သူ မည်သူမဆို အချိုရည်နှင့် ရေသန့်ဘူးများကို ကြွပ်ကြွပ်အိတ်ဖြင့် သယ်ဆောင်ရန်  ၂၀၁၆ ခုနှစ် နိုဝင်ဘာလ လယ်က ထုတ်ပြန်ခဲ့ပြီး သုံးလခန့်အကြာ ဖေဖော်ဝါရီ တတိယပတ်က ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“ဒီလထဲမှာ ဘုရားဖူးတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် ပြန်ရုပ်သိမ်းလိုက်တယ်။ ပုံမှန်လုံခြုံရေး ဆောင် ရွက်မှုနဲ့ ဘုရားကြီးရဲ့ လုံခြုံရေးပိုင်းကို ဆောင်ရွက်နေပါတယ်” ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ရွှေတိဂုံဘုရားကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိပြီး ပုံမှန်လုံခြုံရေး စောင့်ကြပ်နေသည့် ရဲတပ်ရင်း တပ်ခွဲနှစ်ခုနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် ဘုရားရဲ (ခေါ်) လုံခြုံမီးသတ်ဌာနမှ ဝန်ထမ်း ၃၀၀ ကျော် ထားရှိစစ်ဆေးလျက် ရှိကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ဆိုသည်။

“လုံခြုံရေးပိုင်းကိုတော့ မလျှော့ထားဘူး။ ကနဦး ကန့်သတ်ထားတဲ့ အချိုရည်ဘူး၊ ရေသန့်ဘူးတွေကို ကြွပ်ကြွပ် အိတ်ထဲ ထည့်ယူရမယ့်ဆိုတဲ့ အခြေအနေကို ဖြေလျှော့လိုက်တာပါ။ ရွှေတိဂုံဘုရားမှာ မသင်္ကာတဲ့ မောင်းသူမဲ့ လေယာဉ် လွှင့်တင်စုံစမ်းတာမျိုး ဆိုရင်တောင် ပစ်ချမယ့် Anti –7 Drone လည်း အသင့်ဝယ်ယူထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရွှေတိဂုံဘုရား၏ စောင်းတန်းလေးခုနှင့် ဘုရားရင်ပြင်တော်ပေါ်အနှံ့တွင် တပ်ဆင်ထားသည့် CCTV လုံခြုံရေး ကင်မရာ ၂၀၆ လုံးကလည်း မသင်္ကာဖွယ် တွေ့ရှိပါက အချိန်မရွေး ခေါ်ယူစစ်ဆေးနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားများထဲတွင် ရွှေတိဂုံဘုရားသို့ နေ့စဉ် ဘုရားဖူးလာရောက်သူပေါင်း ရှစ်သောင်းခန့် ပုံမှန်ရှိနေပြီး လပြည့်လကွယ်ကဲ့သို့ အခါကြီး နေ့ရက်များတွင် လူဦးရေ တစ်သိန်းကျော်အထက် လာရောက် ဖူးမြော်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရသည်။

# The Voice