တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော ဆင်းမ်ကတ်များ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိ

မောင်တောခရိုင်နယ်မြေအတွင်း လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့ (Sim Card) တွေ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး က သိရပါတယ်။

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့တယ်လီဖုန်း (Sim Card) များ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၌ တွင်ကျယ်စွာ သုံးစွဲနေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့တာဖြစ်ပြီး ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့ပါတယ်။

တစ်ဖက်နိုင်ငံမှ တယ်လီဖုန်း (Sim Card) များ သုံးစွဲနေမှုအပေါ် တည်ဆဲဆက်သွယ်ရေးဥပဒေများအရ အရေး ယူနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ် လျက်ရှိပြီး နေထိုင်သူအများစုဟာ ဘင်္ဂါလီလူမျိုးများဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံရှိနေထိုင်သူများနဲ့ အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်ရန် တစ်ဖက်နိုင်ငံရဲ့ မိုဘိုင်းဖုန်း (Sim Card)များကို တရားမဝင်သုံးစွဲလျက် ရှိကြကြောင်း၊ ထိုသို့သုံးစွဲမှုများကြောင့် မြန်မာနိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ရာ မောင်တော ခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၅ ခုနှစ်တွင် ၈၄ မှု၊ ၂၀၁၆ ခုနှစ်တွင် ၂၂ မှု စုစုပေါင်း ၁၈၇ မှုဖြစ်ပြီး တရားခံ ၁၈၇ ဦး ကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။

Internet Journal