Swarovski ၏ ကိုယ်ပိုင် Android Wear စမတ်နာရီကို BaselWorld 2017 တွင် မိတ်ဆက်မည်

လက်ဝတ်ရတနာများ ရောင်းချသည့် Swarovski က မတ်လတွင် ကျင်းပမည့် BaselWorld နာရီနှင့် လက်ဝတ် ရတနာပြပွဲ၌ ကိုယ်ပိုင် Android Wear စမတ်နာရီကို မိတ်ဆက်ကြေညာသွားမည်ဟု အတည်ပြု ပြောကြားခဲ့ သည်။ ၎င်းစမတ်နာရီတွင် CES 2017 တွင် ပွဲထုတ်ပြသခဲ့သော Qualcomm ၏ Snapdragon chipset ပါဝင်မည်ဖြစ်သည်။

Swarovski သည် ယခင်ကတည်းက နည်းပညာနှင့် ဆက်စပ်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီအမျိုးမျိုး၏ အထူးဗားရှင်း ဖုန်းများနှင့် စမတ်နာရီများကို ကျောက်များဖြင့် အလှဆင်ပေးခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင် စမတ်နာရီကို ပထမဆုံးအကြိမ် မိတ်ဆက်သွားမည်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် BaselWorld သည် နာရီထုတ်လုပ်သူများအတွက် ကမ္ဘာ့အကြီးဆုံး ကုန်စည်ပြပွဲဖြစ်သည်။

နာရီ၏ဓာတ်ပုံကို Qualcomm မှ ပြသခဲ့ခြင်းမရှိသောကြောင့် လက်ရှိတွင် အဆိုပါ စမတ်နာရီ၏ အချက်အလက် များကို မသိရှိရသေးပေ။

Ref: Pocket-lint

# Internet Journal