သတင်းအမှားတစ်ပုဒ်လျှင် Facebook က ဂျာမနီကို ဒဏ်ငွေ ဒေါ်လာ ၅၅၂,၀၀၀ ပေးရဖွယ်ရှိ

Facebook သည် သတင်းမှား ပြဿနာများကို ဖြေရှင်းရန် tool များကို ဖန်တီးထားသလို အနာဂတ်တွင် သတင်းတုများ လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် ပြဿနာများကို ဦးစားပေး ဖြေရှင်းရန်ဆန္ဒရှိနေသည်။ သို့မဟုတ်ပါက Facebook အနေဖြင့် ဂျာမနီတွင် ဒဏ်ရိုက်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

 

ဂျာမန်အစိုးရသည် Facebook ပေါ်တွင်ဖော်ပြနေသည့် သတင်းတုတစ်ခုအတွက် ကုမ္ပဏီကို ယူရို ၅၀၀,၀၀၀ (ဒေါ်လာ ၅၂၂,၀၀၀) ဒဏ်ရိုက်နိုင်မည့် ဥပဒေသစ်တစ်ခု ပြဋ္ဌာန်းရန် စဉ်းစားနေကြောင်း သိရသည်။ ထိုဥပဒေသည် အခြားလူမှုရေးမီဒီယာများအပေါ်လည်း အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ Facebook အနေနဲ့ ၂၄ နာရီအတွင်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ post တွေကို မဖျက်ရင် ယူရို ၅၀၀,၀၀၀ အထိ ဒဏ်ရိုက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု ဂျာမနီမှ ဆိုရှယ်ဒီမိုကရက်ပါတီ၏ လွှတ်တော်ဆိုင်ရာ အကြီးအကဲ သောမတ်စ်အိုပါမန်က Der Spiegel မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေအောက်တွင် အာဏာပိုင်နှင့် အများပြည်သူများက Facebook ပေါ်ရှိ သတင်းကို အတုအယောင် အဖြစ် flag ပြုလုပ်နိုင်မည်ဟု Heat Street မှဖော်ပြခဲ့သည်။ Facebook နှင့် အခြားလူမှုရေးမီဒီယာများသည် နိုင်ငံတွင် ရုံးခန်းများဖန်တီး၍ တောင်းဆိုချက်များနှင့်အညီ ကွန်ရက်ပေါ်ရှိ သတင်းအမှားများကို ဖြုတ်ပေးရမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကို လာမည့်နှစ်တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ပါတီနှစ်ရပ်စလုံး၏ ထောက်ခံမှု ရရှိထားသည်။ ဂျာမနီရှိ ဥပဒေပြုသူများသည် လာမည့်နှစ် ရွေးကောက်ပွဲအတွင်း ရုရှားဝင်ရောက်စွက်ဖက်မှုကို ၎င်းဥပဒေဖြင့် တားဆီးရန် မျှော်လင့်နေကြသည်။ Facebook ကမူ အဆိုပါဥပဒေသစ် ပြဋ္ဌာန်းရန် စီစဉ်မှုအပေါ် မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။ ယခုလအစောပိုင်းတွင် platform ပေါ်ရှိ သတင်းအမှားများ တိုက်ခိုက်ရန် Facebook က ကနဦးခြေလှမ်းတချို့ကို ပြုလုပ်ထားသည်။

Facebook အနေဖြင့် သတင်းမှားများကို ဝေမျှခွင့်ပြုထားသော်လည်း သတင်းများပေါ်တွင် “အငြင်းပွားဖွယ် သတင်း” အဖြစ်သတ်မှတ်၍ flag ပြုလုပ်ထားမည် ဖြစ်သည်။ ထိုသို့ flag ပြုလုပ်ထားသော သတင်းများကို ကြော်ငြာနိုင်မည် မဟုတ်ပေ။

# Internet Journal