ပုဏ္ဏားကျွန်းတွင် အသေးစားပေါက်ကွဲမှုဖြစ် မင်းပြားတွင်လည်း လက်လုပ်မိုင်းတစ်လုံးတွေ့

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် ဇန်န၀ါရီ ၁ ရက် ညနေက အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းအနီး မေလွမ်းကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်၌လည်း လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဇန်န၀ါရီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ လုံခြုရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ကားလမ်း၏ အရှေ့ဘက် ၁၂ ပေခန့်အကွာတွင် ပေါက်ကွဲပြီး စနက်တံ အိမ်ခေါင်းတစ်ခု၊ ဓာတ်ခဲနှစ်လုံး ဆံ့ဓာတ်ခဲအိမ်နှစ်ခု၊ ၀ိုင်ယာကြိုးများဖြင့် သွယ်တန်းထားသည့် ပလတ်စတစ်အိတ်တစ်ထုပ်၊ ယမ်းထည့်ထားသည်ဟု ယူဆရသည့် ပေါက်ကွဲပြီး ပလတ် စတစ်အစအနများကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မိုင်းပေါက်ကွဲမှုကြောင့် ထိ ခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ယိုးတရုတ်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

ထို့အပြင် မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်မှ အမျိုးသားတစ်ဦးသည် မြေအောက်ကေဘယ်ကြိုးများ သွယ် တန်းရန် ဆက်သွယ်ရေးဝန်ထမ်းများနှင့် လမ်းကြောင်းရှင်းလင်းစဉ် ရန်ကုန်- စစ်တွေကားလမ်း မေလွမ်းရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ တွင် လက်လုပ်မိုင်းတစ်လုံး တွေ့ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းပြားမြို့နယ်မှ တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းကို အရှည်လေးပေခန့်၊ အချင်းနှစ်လက်မခန့်ရှိ သံပိုက်တွင် ဓာတ်ခဲကို ၀ိုင်ယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားပြီး သုံးပေခန့်ရှိ ငါးမူးလုံးသံ ချောင်းလေးချောင်းဖြင့် မြေကြီးတွင် ငုတ်ရိုက်တပ်ဆင်ထားခြင်းဖြစ်ကာ အဆိုပါလက်လုပ်မိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ပြီး ရှင်းလင်း ခဲ့သည်။

# 7 Day Daily