ကျောက်မျက်ရတနာမျိုးစုံကို ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ဖြင့်ရောင်းချမည့် Mandalay Yatanar Mall မကြာမီ ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့် ကျောက်မျက်ရတနာဆိုင်များ၊ စိန်ဆိုင်များ၊ ရွှေဆိုင်များနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းဆိုင်များကို တစ်နေရာတည်းတွင် ဆိုင်ခန်း ၃၀၀ ကျော်ဖြင့် စုစည်းခင်းကျင်းရောင်းချမည့် Mandalay Yatanar Mall ကို ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းတွေအားလုံးပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းအထိကို ရောင်းချပေးပြီးသွားပါပြီ၊ ပြည်တွင်းမှာ အခုလိုမျိုး ကျောက်မျက်ရတနာတွေကို တစ်နေရာတည်းမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်နဲ့ ဖွင့်လှစ် ရောင်းချနိုင်တယ်ဆိုတာ မန္တလေးမြို့မှာ ပထမဦးဆုံးဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ ထောက်ခံချက်လက်မှတ်ထုတ်ပေးမယ့် certificate Room သီးသန့်ပါရှိမှာဖြစ်ပါတယ်။

“CCTV ကင်မရာတွေရဲ့ ထိန်းချုပ်ခန်းကို နှစ်ခန်းကနေ ၀န်ထမ်းအင်အား ၄၀ ကို အဆိုင်းသုံးဆိုင်းခွဲကာ ၂၄ နာရီ ပတ်လုံးချထား ဆောင်ရွက်ပေးမှာပါ။ ဆိုင်သိမ်းချိန်မှာ ကျောက်မျက်ရတနာတွေကို သိမ်းဆည်းလိုတဲ့ ဆိုင်ခန်းရှင်တွေအတွက် အဆင့်မီ Locker စနစ်နဲ့ မှတ်သားပေးထားမှာပါ” ဟု Relax- Business Group မှ ဒါရိုက်တာ ဖြစ်သူ ဦးဇော်မင်းက ပြောသည်။

မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်မှုအဖြစ် ခေတ်မီမီးဘေးကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စနစ်များအပြင် ဆိုင်ခန်းများ အလုံးစုံအာမခံထားနိုင်ရေးအတွက် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။

Mandalay Yatanar Mall ဖွင့်လှစ်မည့်နေရာမှာ ချမ်းအေးသာစံမြို့နယ် (၇၈) လမ်းနှင့် (၃၄) လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ ဒုတိယထပ်ဖြစ်သည်ဟု သိရသည်။

#Democracytoday