YBS ယာဉ်လိုင်းစနစ် မထသအတိုင်း ပြန်ဖြစ်လာလို့ တိုင်းလွှတ်တော်မှာ ဝေဖန်ခံရ

YBS ယာဉ်လိုင်းစနစ်က မိတ်ကပ်တွေ ကွာကျသွားတဲ့အခါ မထသအတိုင်းပြန်ဖြစ်လာတယ်လို့ မတ်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။

အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ YBS စနစ်ဆောင်ရွက်မှုတွေနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာစွာ ချပြဖို့ တင်သွင်းတဲ့အဆိုမှာ အခုလို ဝေဖန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

”ပြိုင်မောင်းနေကြတုန်းပဲ။ ခရီးသည်တွေကို ဆက်ဆံနေတာလည်း YBS လို့ သာ ပြောတာ မထသအတိုင်းပဲ ။ YBS မိတ်ကပ်လေး ခဏလိမ်းထားတာပါ။ တစ်လနှစ်လလောက်ကြာတော့ မိတ်ကပ်တွေ ကွာကျပြီးတော့ မထသရုပ် ပြန်ပေါက်လာတာပဲ” လို့ ဦးဝေဖြိုးဟန်က ဝေဖန်ခဲ့ပါတယ်။

ဒီအဆိုကို လွှတ်တော်မှာဆွေးနွေးဖို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သဘောတူခဲ့ပြီး အဆိုကို လွှတ်တော် မှာဆွေးနွေးဖို့ လွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော် စာရင်းပေးထားတယ်လို့ သိရပါတယ်။

၂၀၁၇ ဇန်နဝါရီလ ၁၆ ရက်က စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးထဲက မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မထသ)ကို ဖျက်သိမ်းပြီး ယာဉ်လိုင်းပေါင်း ၇၀ နဲ့ အစု အဖွဲ့ပိုင် ယာဉ်လိုင်းစနစ်သစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

YBS ယာဉ်တွေကို မထသက ချမှတ်ခဲ့တဲ့ စည်းကမ်း ၁၃၈ ချက်နဲ့ သာမက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းတွေနဲ့ ထိန်းသိမ်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြေညာထားပါတယ်။

 Source : Popular News