ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက် သုံးချက်ကို အတည်ပြု ရွေးချယ်ပြီးဖြစ်

ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် လိုအပ်သည့်ကမ္ဘာ လုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်သုံးချက်ကို အတည်ပြုရွေးချယ်ခဲ့ပြီးဖြစ် ကာယခုနှစ် စက်တင်ဘာလ အတွင်း မူကြမ်း တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်း အဖွဲ့မှ သိရသည်။

ယူနက်စကိုမှသတ်မှတ်ထားသည့် ယဉ်ကျေးမှုနှင့်သက်ဆိုင်သော ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး ခြောက်ချက် ထဲမှ ပုဂံဒေသနှင့်ကိုက်ညီ၍ ပုဂံ၏ အထူးခြားဆုံးဖြစ်သည့်အချက် သုံးချက်ဖြစ်သော သတ်မှတ်ချက် (၃) Testimony (သက်သေခံချက် အထောက်အထား)၊ (၄)Typology (ပုံသဏ္ဌာန်)နှင့်(၆) Association (တွဲဖက်ဆက်စပ်နေခြင်း)စသည့် အချက်သုံးချက်ကိုရွေးချယ်ခဲ့ကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်တင်သွင်းရေး လုပ်ငန်းအဖွဲ့မှအဖွဲ့ဝင်၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးက ဧပြီ ၄ ရက် တွင်ပြောသည်။

လက်ရှိတွင် ထိုအချက် သုံးချက်နှင့်သက်ဆိုင်သော အသေးစိတ်အချက်များကို ရှေးဟောင်းသုတေသန ဌာနမှပညာရှင်များ၊ ယူနက်စကိုမှ ပညာရှင်များ၊ ပြင်ပပညာရှင်များ ပူးပေါင်း၍ ရေးသား လျက်ရှိကြောင်း သိရသည်။

အဆိုပါအချက်သုံးချက်မှာ သတ်မှတ်ချက်- ၃ ဖြစ်သော သက်သေခံချက် အထောက်အထားတွင် ပုဂံမှာ (၁၁) ရာစုမှ (၁၃) ရာစုအကြားရှိ ရှေးမြို့ဟောင်းဖြစ်ပြီး မူလကအခြေပြုခဲ့သည့် ရှေးမြို့ဟောင်းတစ်ခု ဖြစ်သောကြောင့် ဗုဒ္ဓဘာသာနှင့်ဗုဒ္ဓယဉ်ကျေးမှု၊ ဗုဒ္ဓအနုပညာများ ထိုခေတ်အတွင်း ပေါ်ထွန်းခဲ့သော လူမှုစီးပွား၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အထောက်အထားများအားလုံးမှာ လက်ရှိတွင် ကြွင်းကျန်

တည်ရှိနေသော အထောက် အထားများရှိနေခြင်း၊ သတ်မှတ်ချက်- ၄ (ပုံသဏ္ဌာန်)တွင် ပုဂံမှာ (၁၁) နှင့် (၁၃)ရာစုအတွင်းပေါ်ထွန်းခဲ့သော ဗိသုကာ၊ အနုပညာ၊ Landscapeများမှာ ခေတ်ပြိုင်လူမှု အဖွဲ့အစည်း အတွင်း နည်းပညာအားဖြင့် အလွန်ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း အထောက်အထားကို ဖော်ပြနိုင်ခြင်းနှင့် သတ် မှတ်ချက် – ၆ (တွဲဖက်ဆက်စပ်နေခြင်း) မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသတွင်ရှိသော အဖြစ်အပျက် များ၊ ဓလေ့ထုံးစံများ၊ အသိပညာများ၊ ယနေ့တိုင်ရှင်သန်နေဆဲရိုးရာဓလေ့များ၊ ရှင်သန်နေဆဲ ဗုဒ္ဓဘာသာ ဆိုင်ရာပွဲများ၊ ဘာသာရေးအခမ်းအနားများမှာ ထိုအချိန်မှ စ၍ ယနေ့ထက်တိုင်ရှိနေသည့် အထောက် အထား များဖြစ်ကြောင်းကို နံရံပန်းချီများ၊ ကျောက်စာအထောက်အထားများမှ ရှာဖွေတွေ့ရှိခဲ့သည့်အတွက် သက်သေခံချက် အထောက်အထားများ နှင့် ချိတ်ဆက်တင်ပြခြင်းစသည့် အချက်များဖြစ်သည်။

#Democracytoday