မဲဆန္ဒနယ်ပြင်ပရောက်နေသူများ မတ်လဆန်းကစ၍ ကြိုတင်မဲပေးနိုင်

မဲဆန္ဒနယ်ပြင်ပရှိ အချုပ်ခန်း၊ သင်တန်း၊ ကျောင်းနှင့် ဆေးရုံများသို့ ရောက်ရှိနေသည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည် မတ်လ ၃ ရက်မှ ၁၀ ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ယင်းသို့ ကြိုတင်မဲပေးနိုင်ရန် သက်ဆိုင်ရာသင်တန်း၊ ကျောင်း၊ ဆေးရုံနှင့် အချုပ်ခန်းအကြီးအမှူးများသည် ဌာနတည်ရှိရာဒေသရှိ ကော်မရှင်အဖွဲ့ခွဲများထံ ဆက်သွယ်ပြီး ပုံစံ (၁၅) တောင်းခံရန် ကော်မရှင်က ညွှန်ကြား ထားသည်။ ‘‘ပုံစံ (၁၅) တွေ ဖြန့်ဝေပြီးပါ ပြီ’’ဟု ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

ယင်းပုံစံ (၁၅) ကို မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးနောက် သက်ဆိုင်ရာသင်တန်း၊ ကျောင်း၊ ဆေးရုံနှင့် အချုပ်ခန်း အကြီးအမှူး သည်သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံ ယခုလ ၂၀ ရက်အရောက်ပေးပို့ရန် ကော်မရှင်က ညွှန်ကြားထားသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ကြိုတင်မဲလက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာသင်တန်း၊ ကျောင်း၊ ဆေးရုံနှင့် အချုပ်ခန်းများသို့ မတ်လ ၁ ရက် အရောက်ပေးပို့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မဲဆန္ဒနယ်ပြင်ပရှိ အချုပ်ခန်း၊ သင်တန်း၊ ကျောင်း နှင့် ဆေးရုံများသို့ ရောက်ရှိနေသည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည် မတ်လ ၃ ရက်မှ ၁၀ ရက်အတွင်း ကြိုတင်မဲပေးနိုင်သည်။

သို့သော် ဆန္ဒပြုထားသော ကြိုတင်မဲစာအိတ်များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီ ၁ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ ပေးပို့ရမည်ဖြစ်ရာ ကြားတွင် အချိန်ကွာဟနေသည်။

‘‘တချို့ မဲဆန္ဒနယ်တွေက စာတိုက်ကပို့ရင် နှစ်ပတ်လောက် အချိန်ယူရတယ်’’ ဟု အချိန်ခြားနေသည့်အကြောင်း ဦးတင်ထွန်း က ရှင်းပြသည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ လစ်လပ်မဲ ဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတို့မှ မြို့နယ် ၂၂ မြို့နယ်၌ ကျင်းပမည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာတွင် ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း ၄၀,၁၄၀ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၃၄,၂၉၅,၃၃၄ ဦး ရှိသဖြင့် မဲရုံတစ်ရုံလျှင် ပျမ်းမျှ မဲဆန္ဒရှင် ၈၅၅ ဦးရှိသည်။

# 7 Day Daily