ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ရှား၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ထားရ

တိုကျို နိုဝင်ဘာ ၂၂

ယနေ့ ( နိုဝင်ဘာလ ၂၂ ရက်) ဒေသစံတော်ချိန် ၅ နာရီ ၅၉ မိနစ်တွင် ဂျပန်နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီးသည့်နောက် ပစိဖိတ် ကမ်းရိုးတန်းမြောက်ပိုင်းတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခဲ့ရသည်။

15095031_1346022262083950_4327562500013954378_n

အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ပြင်းအားကို ကနဦးတွင် ၇.၃ ဟု ထုတ်ပြန်ခဲ့သော်လည်း ၆.၉ အဆင့်ထိ လျှော့ချခဲ့သည်။ ဂျပန်မိုးလေ၀သအေဂျင်စီက ငလျင်မှာ ၇.၄ မဂ္ဂနီကျု ရှိသည်ဟု ကြေညာခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၉ မိနစ်တွင် ဖူကူရှီးမားစီရင်စု ကမ်းလွန်ပင်လယ်ပြင် မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်ကို တိုကျိုမြို့အထိ ခံစားခဲ့ရသည်ဟု အဆိုပါ အေဂျင်စီက ဆိုသည်။

အမြင့် ၆၀ စင်တီမီတာရှိ ဆူနာမီရေလှိုင်းသည် ဖူကူရှီးမားမြို့ရှိ အိုနာဟားမားဆိပ်ကမ်းသို့ ရိုက်ခတ်ခဲ့ပြီး အမြင့် ၉၀ စင်တီမီတာရှိ ရေလှိုင်းတစ်ခုသည် ဆိုမာမြို့သို့ ရိုက်ခတ်ခဲ့ကြောင်း NHK သတင်းဌာနက ထုတ်ပြန်သည်။

အမြင့် ၃ မီတာရှိသည့် ဆူနာမီရေလှိုင်း ရိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးချက် ထွက်ပေါ်လာခဲ့ပြီး ကမ်းရိုးတန်း တလျောက်တွင် နေထိုင်ကြသော ဒေသခံများကိုလည်း ကုန်းမြင့်ဒေသသို့ နေရာရွှေ့ပြောင်းကြရန် NHK က ဆော်သြခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် မီယာဂီနှင့် ဖူကူရှီးမားစီရင်စုများအတွက် ဆူနာမီသတိပေးချက်ကို ဂျပန် မိုးလေ၀သအေဂျင်စီက အဆင့်လျှော့ချခဲ့သည်။ အဆိုပါဒေသတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။

Ref:AFP


Leave a Reply