၂၀၂၂ ခုနှစ်တွင် ပဋိပက္ခမျိုးစုံကြုံနေရသောကြောင့် ၂၀၂၃ ခုနှစ်အတွက် အကူအညီရန်ပုံငွေ စံချိန်တင် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလျံကို ကုလသမဂ္ဂတောင်းခံ

ယူကရိန်းစစ်ပွဲနှင့် အခြားသောပဋိပက္ခများ၊ ရာသီဥတုအရေးပေါ်အခြေအနေများ၊ တငွေ့ငွေ့လောင်နေဆဲ ကူးစက် ရောဂါ၊ က  နောက်ထပ်ပြည်သူများကို အကျပ်အတည်းထဲသို့လည်းကောင်း၊ ပြည်သူအချို့ကို အငတ်ဘေးသို့ လည်းကောင်း တွန်းပို့နေသောကြောင့် ကုလသမဂ္ဂက နောက်နှစ် အကူအညီအတွက် စံချိန်တင် ရန်ပုံငွေများကို မေတ္တာရပ်ခံခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင်ပြည်သူ ၃၃၉ သန်းသည် လာမည့်နှစ်တွင် အကူအညီ ပုံစံတစ်မျိုးမျိုး လိုအပ်လာလိမ့်မည်ဟု ကုလသမဂ္ဂ၏ နှစ်စဉ် Global Humanitarian Overview က ခန့်မှန်းထားရာ ထိုအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် လူသန်း ၆၀ ပိုများလာသည်ဟု ဆိုသည်။

“ဒါဟာ ထူးကဲတဲ့အရေအတွက်ဖြစ်ပါတယ်။ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ အရေအတွက်ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂ အကူအညီအကြီးအကဲ မာတင်ဂရစ်ဖစ်က ဂျီနီဗာမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ယင်းမှာ၂၀၂၃ ခုနှစ်သည် အကြီးမားဆုံးလူသားချင်း စာနာမှုဆိုင်ရာအစီအစဉ်ဖြစ်လာမည်ဆိုသည့် သဘော ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားသည်။ ၂၀၂၃ ခုနှစ်တွင် လူ ၂၃ ဦး၌ တစ်ဦးသည် အကူအညီလိုအပ်လိမ့်မည်ဟု ခန့်မှန်းချက်အသစ်က ဖော်ပြထားပြီး ၂၀၁၅ ခုနှစ် တွင် ၉၅ ဦး၌ တစ်ဦး  အကူအညီလိုအပ်ခဲ့ပုံနှင့် နှိုင်းယှဉ်ဖော်ပြ ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မြင်တွေ့ရသောဆိုးရွားသည့် အဖြစ်အပျက်များသည် ၂၀၂၃ ခုနှစ်ထဲ လျှံကျလာမည်ဟု ဂရစ်ဖစ်က ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ အံ့သင့်ဖွယ်ကောင်းလောက်အောင် မြင့်မားမည်ဟု ဆိုသည်။ “ပြင်းထန်မိုးခေါင်မှုတွေနဲ့ရေကြီးမှုတွေဟာ ပါကစ္စတန်ကနေ အာဖရိကဦးချိုအထိ လူအသိုင်းအဝိုင်းတွေထဲ မွှေနှောက်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး ဥရောပ တစ်စိတ်တစ်ပိုင်းကို စစ်မြေပြင်အဖြစ်ပြောင်း လဲသွားစေခဲ့သော ယူကရိန်းစစ်ပွဲကိုလည်း ၎င်းက ထောက်ပြခဲ့သည်။ နိုင်ငံ ၆၈ ခုမှ အားအနည်းဆုံးပြည်သူ သန်း ၂၃၀ ကို ကူညီထောက်ပံ့မှုသည် စံချိန်တင် ၅၁ ဒသမ ၅ ဘီလျံလိုအပ်လိမ့်မည်ဟု ကုလသမဂ္ဂအေဂျင်စီများနှင့် အခြားသော လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများ၏ နှစ်စဉ် မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။ ထိုပမာဏမှာ ၂၀၂၂ ခုနှစ်အတွက် တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၄၁ ဘီလျံမှ မြင့်တက်လာခြင်းဖြစ်သည်။

“ဒုက္ခရောက်နေသူတွေအတွက် ဒီမေတ္တာရပ်ခံချက်ဟာ အသက်သွေးကြောတစ်ခု ဖြစ်ပါတယ်”ဟု ဂရစ်ဖက်က ပြောကြားခဲ့သည်။ ယခုထုတ်ပြန်ချက်သည် ပဋိပက္ခအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော မြင့်တက်လာသည့် လိုအပ်ချက်များ၏ ရုပ်ပုံလွှာကို ကိုယ်စားပြုနေပြီး မတည်ငြိမ်မှု ပိုမိုဆိုးရွားလာကာ နက်ရှိုင်းလာသော ရာသီဥတု အကျပ်အတည်းလည်း ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်တွင် ဆိုခဲ့ပါ ပြဿနာများ ပိုမိုဆိုးရွားလာမည် ဆိုသည်ကို သံသယရှိစရာမလိုဟု ဂရစ်ဖစ်က သတိပေးပြောကြားခဲ့သည်။