နျူသဘောတူညီချက် ပြန်လည်ပယ်ဖျက်မှုကို ထရန့် ပြုလုပ်ခွင့်မရှိဟု အီရန်သမ္မတ ပြော

အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူ ဒေါ်နယ်ထရန့်က နိုင်ငံတကာ နျူကလီးယား သဘော တူညီချက်အား ပြန်လည်ပယ်ဖျက်ခြင်းကို မိမိလက်ခံမည် မဟုတ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီ က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။

 

နိုင်ငံတကာ နျူကလီးယား သဘောတူညီချက်ကို အမေရိကန်ဘက်မှ ပြန်လည်ပယ်ဖျက်မည်ဆိုပါက ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သမ္မတ ရိုဟာနီက ပြောကြားသော်လည်း မည်ကဲ့သို့ အကျိုးသက် ရောက်နိုင်သည်ကို တိတိကျကျ ပြောကြားခြင်း မရှိပေ။

အီရန်နှင့် ကမ္ဘာ့နိုင်ငံကြီးများ ရရှိခဲ့သောသဘောတူညီချက်ကို ထရန့်ကပြန်လည် ပယ်ဖျက်ရန် မိမိတို့ ခွင့်ပြုပေး နိုင်မည်မဟုတ်ကြောင်း သမ္မတ ရိုဟာနီက တီဟီရန်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားရာတွင် ဖော်ပြသည်။ ယင်း မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက တိုက်ရိုက်ထုတ်လွှင့်သည်။

အီရန်နိုင်ငံအပေါ် ပိုမို၍ သဘောထား တင်းမာသည့် မူဝါဒကို ချမှတ်ကျင့်သုံးဖွယ်ရှိမှုကို ထရန့်၏ ယခင်ထုတ်ဖော် ပြောဆိုချက်များက ပြသလျက်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောကြားကြသည်။

ပြီးခဲ့သည့် ဇွန်လက ထရန့်၏ မှတ်ချက်စကားများ ပေါ်ထွက်လာခဲ့ပြီးနောက် နျူကလီးယား သဘောတူညီချက်တွင် မည်ကဲ့သို့သော ပြင်ဆင်ပြောင်းလဲချက်များ ပြုလုပ်ခြင်းကိုမဆို ကန့်ကွက်မည်ဟု အီရန်နိုင်ငံ၏ ဦးသျှောင် အယာတိုလာအလီခါမေနီကလည်း သတိပေးခဲ့ပြီးဖြစ်သည်။

(ရိုက်တာ)


Leave a Reply